အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဆက်လက်တရားရင်ဆိုင်ရန်အတွက် ဦးဆောင်ကော်မတီကို အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဌအဖြစ် တာဝန်ပေးထားပြီး ၎င်းအပါအဝင် (၈)ဦး ပါဝင်ကြောင်း သိရသည်။
ဦးဆောင်ကော်မတီ၏ အသုံးစရိတ်များကို အာဏာသိမ်းစစ်ကောင်စီရုံးက ကျခံပေးသွားမည်ဖြစ်ပြီး အစီရင်ခံစာကို သတ်မှတ်ချိန်များအတွင်း တင်ပြနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း လုပ်ငန်းတာဝန် အချက်(၄)ချက်တွင် ဖြည့်သွင်းထားသည်ကို တွေ့ရသည်။
ယခင် NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် ICJ အတွက် ဦးဆောင်ကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး အတွင်းရေးမှူးအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဦးကျော်တင် က တာဝန်ယူခဲ့သည့်အပြင် ကော်မတီတွင် ဥက္ကဌ တစ်ဦး အပါအဝင် အတွင်းရေးမှူး နှင့် အဖွဲ့ဝင် စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယခု အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ကော်မတီအား ဥက္ကဌ (၁)ဦး၊ ဒုတိယ ဥက္ကဌ (၂)ဦး အပါအဝင် စုစုပေါင်း (၈)ဦး ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။