ပုဇွန်တောင်မြို့နယ် ရေကျော် ဦးဝိဇ္ဇာလမ်းတွင် ရဲနှင့်စစ်သားများ (၃)ကြိမ်ရောက်ရှိလာပြီးနောက် အမျိုးသမီး (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ပုဇွန်တောင်မြို့နယ် ရေကျော် ဦးဝိဇ္ဇာလမ်းတွင် ရဲနှင့်စစ်သားများ (၃)ကြိမ်ရောက်ရှိလာပြီးနောက် အမျိုးသမီး (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
ဇွန် 13, 2021

ရန်ကုန်တိုင်းဒေသကြီး၊  ပုဇွန်တောင်မြို့နယ် ရေကျော် ဦးဝိဇ္ဇာလမ်းတွင်  ၂၀၂၁ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ည(၁၀)နာရီ (၄၀)မိနစ်အချိန်က စ၍ ဇွန်လ(၁၃)ရက်နေ့အကူး  (၀၀း၅၀)နာရီအထိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့်စစ်သားများ  (၃)ကြိမ် တိတိ ရောက်ရှိလာပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်ရာ အမျိုးသမီး(လူငယ်) (၂)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဇွန်လ(၁၂)ရက်နေ့ ည(၁၀)နာရီ မိနစ်(၄၀)အချိန်က လာရောက်ပြီး တိုက်၏ တံခါးသော့များဖြတ်၍ ဝင်ရောက်သည့်အပြင် အနီးရှိ နေအိမ်များကို လေးဂွများဖြင့် ပစ်ခတ်ကြောင်း နှင့် တိုက်၏ (၅)လွှာတွင်နေသည့် အမျိုးသမီး(လူငယ်)တစ်ဦးကိုလည်း ဖမ်းစီးသွားကြောင်း အပြင် ည(၁၁)နာရီခွဲအကျော်အချိန်တွင်  ပြန်လည်ရောက်ရှိလာပြီး မြေညီထပ်က မိန်းကလေး(လူငယ်)တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

ရဲမေပါ ပါလာတာ တစ်ခါတည်း အဲ့တိုက်ထဲ အရင်ဝင်ကြတာ။ ကောင်မလေးတစ်ယောက် ထပ်ပါသွား ပြန်ပြီ၊ အိမ်ထောင်စု စာရင်းတွေ စစ်တာလားမသိဘူး။ စာရွက်တွေ စစ်နေတာတွေ့တယ်။ ည ည လိုက်ဖမ်းနေတာ၊ လူတွေ မအိပ်ရဘူး။ စိတ်လုံခြုံမှုမရှိဘူး။

ဟု မြင်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၃)ရက်နေ့အကူးပိုင်း အချိန်က ပြောပြသည်။

ရေကျော် ဦးဝိဇ္ဇာလမ်းရှိ တိုက်တစ်တိုက်တည်းတွင် အမျိုးသမီး(လူငယ်) (၂)ဦး ဖမ်းဆီးခံရပြီး ရှာဖွေမှုများလည်း ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။