လားရှိုးမြို့မှ စားသောက်ကုန်ထုတ်လုပ်ငန်းများ သတ်မှတ်စည်းကမ်းမညီပါက စတင်အရေးယူတော့မည်

လားရှိုးမြို့မှ စားသောက်ကုန်ထုတ်လုပ်ငန်းများ သတ်မှတ်စည်းကမ်းမညီပါက စတင်အရေးယူတော့မည်
ဖေဖော်ဝါရီ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ စားသောက်ကုန်ထုတ်လုပ်ငန်းများ သတ်မှတ် အထောက်အထား မပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါက ဖေဖော်ဝါရီလအတွင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“လားရှိုးမြို့ပေါ်မှာရှိတဲ့ မုန့်လုပ်ငန်းရှင် ၂၂ ဦးကို ဖိတ်ကြား ဆွေးနွေးထားတယ်။
လိုအပ်တဲ့ ထောက်ခံချက်တွေနဲ့ ပတ်သက်တာကို ရှင်းပြပေးထားတယ်။ သူတို့ဖက်ကလည်း ဝန်ခံကတိ ယူထားပြီး ပြီ။ ဒါကြောင့် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ စပြီး ဘယ်အချိန်ပဲစစ်စစ် စစ်လိုက်တဲ့အချိန်မှာ အထောက်အထား မစုံလင်တဲ့ လုပ်ငန်းရှင်တွေကို အရေးယူသွားဖို့ စီစဉ်နေပါတယ်”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

ဇန်နဝါရီလအတွင်းက လားရှိုးရှိ မုန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ (၁)ရက်နေ့မှစတင်၍ FDA ထောက်ခံချက်အပါအဝင် ထုတ်လုပ်သည့် အမှတ်တံဆိပ်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ စက်ရုံလုပ်ငန်း လိပ်စာ ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် စသည့် အထောက်အထားများ မပါရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်ဟု သိရသည်။
“တချို့မုန့်တွေက ဒီကထွက်တဲ့မုန့်တွေဖြစ်ပေမဲ့ ဘယ်ရပ်ကွက်က ထုတ်လုပ်တယ်ဆိုတာတောင် မပါတာတွေ ရှိတယ်။ ထုတ်လုပ်ရက် ကုန်ဆုံးရက်စတာတွေကို စားသုံးသူတော်တော်များများက သတိမထားမိကြဘူး။ အထူးသဖြင့် ကျောင်းတွေနဲ့နီးတဲ့မုန့်ဆိုင်တွေမှာ အမှတ်အသားမပါ၊ ထောက်ခံချက်မပါ၊ တချို့မုန့်တွေဆို မြန်မာလိုတောင်ရေးမထားတာတွေကို တွေ့နေရတုန်းပဲ”ဟု လားရှိုးမြို့မှ အိမ်ရှင်မတစ်ဦးဖြစ်သည့် မနန်းခမ်းမွန်းက ပြောသည်။
စားသုံးသူရေးရာဌာနအနေဖြင့်လည်း ပညာပေးဟောပြောပွဲများ အစဉ်မပြတ်ပြုလုပ်နေခြင်း၊ ကွင်းဆင်းစစ်ဆေးမှုများအား တစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်ပြုလုပ်နေခြင်းတို့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
“အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက သူတို့ထုတ်လုပ်တဲ့မုန့်တွေအတွက် သူတို့တာဝန်ယူရမှာ။ စားသုံးသူတွေကလည်း မုန့်ကိုစားပြီးတစ်ခုခုဖြစ်ခဲ့ရင် မုန့်အမှတ်တံဆိပ်နဲ့ အထောက်အထားတွေကိုကြည့်ပြီး ကျွန်တော်တို့က အဲဒီစားသောက်ကုန်ကို ထုတ်လုပ်တဲ့နေရာတွေအထိသွားပြီး စစ်ဆေးဆောင်ရွက်မှာ ဖြစ်တယ်”ဟု ဦးဇော်မင်းသန်းက ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ရေသန့်လုပ်ငန်းများကိုလည်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

………………

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~