၂။
Tachileik News Agency
တောင်ကြီး၊ ဇန်နဝါရီလ (၂၈ ) ရက်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အရစ်ကျစနစ်ဖြင့် အိမ်ရာများဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးမည့် အိမ်ရာဖွံ့ဖြိုးမှုဘဏ်အား ရွှေညောင်မြို့တွင် ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း ရှမ်းပြည်နယ် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
“ဦးတို့ဌာနအနေနဲ့ အိမ်ရာဖွံ့ဖြိုးမှုဘဏ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးမှာက မြေနေရာ သွားရှာကြည့်တော့ ဈေးနှုန်းအရ ဈေးနည်းနည်းမြင့်နေတယ်။ လောလောဆယ် ရွှေညောင်နေရာမှာတော့ လုပ်ဖို့ကတော့ စဉ်းစားထားတာရှိတယ်။ တောင်ကြီးမှာ ဆောက်ချင်ပေမဲ့လည်း မြေနေရာက ဈေးနှုန်းအနေအထားအရ မြင့်နေတယ်။ ရွှေညောင်ဘက်မှာ လုပ်မလား။ တောင်ကြီးမှာပဲ လုပ်မလားဆိုတာ စဉ်းစားနေတုန်းပါ” ဟု ရှမ်းပြည်နယ် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
အိမ်ရာဖွံ့ဖြိုးမှုဘဏ်ဖွင့်လှစ်ပြီးပါက ဘဏ်တွင် အိမ်တန်ဖိုး၏ သုံးပုံတစ်ပုံစုဆောင်းပြီး အရစ်ကျစနစ်ဖြင့် အိမ်ခန်းဝယ်ယူနိုင်မည် ဖြစ်သည်။
“ အိမ်ရာဖွံ့ဖြိုးမှုဘဏ်လုပ်နိုင်ရင်တော့ (၃၀) ရာခိုင်နှုန်း ပိုက်ဆံသွင်းရင် ကျန်တဲ့ပိုက်ဆံက ချေးပြီးတော့ အိမ်တစ်ခါထဲ ၀ယ်နိုင်မှာပါ။ ကျန်တဲ့ငွေကတော့ နောက်မှအရစ်ကျနဲ့ ပေးသွင်းရမှာပါ။ ဆိုလိုတာက သိန်း (၁၀၀) လောက် မစိုက်နိုင်တဲ့သူက သုံးချိုးတစ်ချိုးလောက်ပဲ ဘဏ်မှာအပ်ထားမယ်ဆိုရင် အဆင်ပြေတာပေါ့နော်။ အိမ်ရာဖွံ့ဖြိုးမှုဘဏ်နဲ့ ချိတ်ပြီးလုပ်မယ်ဆိုရင် ၀ယ်တဲ့သူကလည်း သက်သက်သာသာနဲ့ ၀ယ်လို့ရနိုင်တယ်။ အိမ်ရာ တွေ မ၀ယ်နိုင်တဲ့သူတွေ ပိုအဆင်ပြေသွားမှာပါ။ ဒီဘဏ်က တည်ဆောက်ရေးလုပ်ငန်းတွေအတွက်လည်း ချေးငွေ လုပ်ပေးသွားမယ်။ ၀ယ်တဲ့သူအတွက်ရော ချေးတဲ့သူအတွက်ရော လုပ်ပေးသွားမှာပါ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
ကုမ္ပဏီများအနေဖြင့်လည်း အိမ်ရာစီမံကိန်းများလုပ်ဆောင်ရန် စီစဉ်နေမှုများရှိနေပြီး ရှမ်းပြည်နယ် မြို့ပြအိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနကလည်း အိမ်ရာဖွံ့ဖြိုးမှုဘဏ်လုပ်ဆောင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ