နေဖြိုးမြင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဈေးများတွင် အသားရောင်းချသည့်ဆိုင်များမှာ မြို့နယ်စည်ပင်မှ သတ်မှတ်ပေးထားသည့် နှုန်းထားများထက် ဈေးပိုရောင်းချနေကြောင်း မြို့ခံများထံမှ သိရသည်။
“ဈေးတွေမှာ ဘယ်အသားကို ဘယ်ဈေးနှုန်းနဲ့ရောင်းချရမယ်ဆိုတာ ကြေညာစာကပ်ထားတယ်။ ဒါပေမယ့် အသားဆိုင်တွေကတော့ ရောင်းချင်သလို ရောင်းတာပဲ။ အသားပိုကောင်းလို့ဆိုပြီး အကြောင်းပြချက်နဲ့ တစ်ပိဿာကို ကြေညာထားတဲ့ဈေးနှုန်းထက် ကျပ်နှစ်ထောင်လောက် ပိုရောင်းတယ်”ဟု ကျောက်မဲရှိ စားသောက်ဆိုင်တစ်ဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဈေးများတွင်ရောင်းချရမည့် အသားအမျိုးမျိုးအတွက် တစ်ပိဿာ သတ်မှတ်ဈေးနှုန်းများ၊ ညနေဈေးသည်များထံ ဈေးကောက်ကောက်ခံရမည့်နှုန်းထားများ၊ ယာဉ်ရပ်နားခနှုန်းထားများအား ဆိုင်းဘုတ်များဖြင့် ကြေညာချက်များ ထုတ်ပြန်ထားသော်လည်း ယာဉ်ရပ်နားခနှုန်းထားများနှင့် အသားဈေးနှုန်းများမှာ သတ်မှတ်နှုန်းထားများထက် ကျော်လွန်နေကြောင်း သိရသည်။
“အသားဈေးနှုန်းဆို ဥပမာ အမဲသားတစ်ပိဿာကို ကျပ်တစ်သောင်း သတ်မှတ်ထားပေးတယ်။ ဒါပေမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာလည်း ဒီလိုပဲ တစ်ပိဿာကို (၁၂၀၀၀) ကျပ် ပေးဝယ်ရတာပဲ။ ဘယ်သူမှ ဆိုင်းဘုတ်ထဲကအတိုင်း မရောင်းဘူး။ ဈေးခေါင်းရုံးကိုသွားတိုင်တဲ့သူရှိ/မရှိတော့ မပြောတတ်ဘူး။ ဒါပေမယ့် သတ်မှတ်နှုန်းထားထက် ပိုတဲ့ဈေးနဲ့ပဲရောင်းနေကြတာ မြင်နေရတယ်” ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးထွန်းစိုးက ပြောသည်။
သတ်မှတ်ထားသည့် အသားဈေးနှုန်းများအပြင် ယာဉ်ရပ်နားခများမှာလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ် (၁၅၀ ) သာ ပေးဆောင်ရမည်ဟု ကြေညာထားပြီး ကျပ် (၂၀၀) ဖြင့်သာ အမြဲကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“အသားအရမ်းကောင်းနေရင်တော့ ဈေးနည်းနည်းပိုပေးရတာပေါ့။ ကြေညာချက်တွေကတော့ မှန်ပါတယ်။ ဒါပေမယ့် ပိဿာလိုက်ရောင်းရတာက ရှားတယ်လေ။ တစ်ထောင်ဖိုး၊ ထောင့်ငါးရာဖိုးတွေ ရောင်းရတာများတယ်။ မျှတအောင်ပြန်လုပ်ပြီးရောင်းရတာပေါ့”ဟု ကျောက်မဲမြို့ရှိ ကြက်သားရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မြို့နယ်စည်ပင်သာယာရေးဌာနက ဘဏ္ဍာနှစ်အလိုက် အသားထုတ်လုပ်မှုလိုင်စင်ထုတ်ပေးရာတွင် အမှန်တကယ် ရောင်းချရမည့် သတ်မှတ်ဈေးနှုန်းများကို တရားဝင်ကြေညာချက်များ ထုတ်ပြန်ထားပြီး သတ်မှတ်ဈေးနှုန်းများ အတိုင်း ရောင်းချခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ