အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်တော်ပြန် မိုင်းဖုန်းဆရာတော်မှ တာချီလိတ်မြို့သို့ ရောက်ရှိခိုက် အပူဇော်ခံလိုကြောင်း တာချီလိတ် NLD ရုံးမှ သိရသည်။
"ဆရာတော်က သူ့ကပ္ပိယနဲ့တဆင့် မိန့်လိုက်တာ အမေစုလာရင် တွေ့ချင်တယ်လို့ မိန့်လိုက်တာ ဆရာတော်အခု ဂူအောင်း တရားကျင့်နေတယ်၊ အမေစုလာရင် ဂူထွက်လာမယ်တဲ့.."ဟု တာချီလိတ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဆောင်ရွက်မည့် ပါတီဝင် ကိုသက်မိုးထွေးမှ ပြောသည်။
မိုင်းဖုန်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရအား NLD အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖူးမျှော်နိုင်ရန် တာချီလိတ် မဟာမြတ်မုနိဘုရားကြီးကျောင်းနှင့် ဆရာတော်၏ ကျောင်းဖြစ်သော မိုင်းဖုန်းကျောင်းတို့အား စီစဉ်ထားသော်လည်း အပြီးသတ်ဆုံးဖြတ်မှု မရှိသေးကြောင်း သိရသည်။
တာချီလိတ်မြို့၌ အောက်တိုဘာ(၂၀)ရက်(သို့)(၂၁)ရက်နေ့တွင် မဲဆွယ်စည်းရုံးရေး ဟောပြောမည့် အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ပါတီဝင်အင်အား (၃၀၀)ခန့်ဖြင့် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာအား တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ခွင့်ပြုချက်မရရှိပါက မြို့အ၀င်တွင်ရှိသော ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းမှ ပိုင်ဆိုင်သော ကွင်းအတွင်းဟောပြောရန် စီစဉ်ထားကြောင်းသိရသည်။