တာချီလိတ်မြို့လယ်ရှိ AGD ဘဏ်ရှေ့ လျှပ်စစ်မီးတိုင်၏ ထရန်စဖော်မာထိပ်တွင် အသက်(၃၅)နှစ်ကျော် အမျိုးသားတစ်ဦး ခုန်ချရာမှ ကယ်ဆယ်ရေးအဖွဲ့များက ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်တင်လိုက်နိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် ( AGD Bank )ရှေ့ လျှပ်စစ်မီးတိုင်၏ ထရန်စဖော်မာထိပ်သို့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က တက်သွားသော အသက်(၃၅)နှစ်ကျော်ရှိ စိုင်းမောင်ဟု သိရှိရသူသည် မီးတိုင်ပေါ်တွင် အချိန်(၃၀)မိနစ်ကျော်အကြာ ထိုင်နေပြီးမှ ခုန်ချလိုက်ရာ ကယ်ဆယ်ရေးအဖွဲ့မှ ၎င်းအား ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေဘဲ ကယ်တင်လိုက်နိုင်ကြောင်း သိရသည်။
"ဒီဖက်ကို မျက်နှာမူထားတော့ ခုန်ချရင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိအောင် အောက်ကနေ မွေ့ယာနဲ့ အသင့်ရှိနေပြီးမှ သူက ရုတ်တရက် ဟိုဖက်ကို လှည့်ပြီး ခုန်ချလိုက်တာ၊ ကံကောင်းတာက ကယ်ဆယ်ရေးအဖွဲ့က ရုတ်တရက် ပြောင်းရွေ့လိုက်နိုင်တော့ အဲ့ဒီလူ မွေ့ရာအစွန်ပေါ်ကို ကျလာတယ်။ ဘာမှမဖြစ်တာ ကံကောင်းတာပေါ့.."ဟု စုပေါင်းပါဝင် ကူညီကယ်ဆယ်ခဲ့သူများထဲက တစ်ဦးက ပြောသည်။
ဓာတ်တိုင်ပေါ် တက်ပြီး ခုန်ချသူသည် တာချီလိတ်မြို့ ၀မ်လုံးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
"အပေါ်ကို ရောက်တာနဲ့ ချက်ချင်းမခုန်ချတာ တော်သေးတာတယ်၊ နည်းနည်းကြာတော့၊ မီးသတ်ကားတွေ၊ ရဲကားတွေ မွေ့ရာတွေ ရောက်လာတာ၊ ပထမဆုံးအချိန်က အနီးမှာ လူ(၄-၅)ယောက်လောက်ပဲရှိသေးတယ်။ နောက်ပိုင်းမှ များလာကြတာ၊ ဘာဒဏ်ရာမှ မရတဲ့အပြင် ဓာတ်တိုင်ပေါ် တက်သွားတုန်းကလည်း ဓာတ်လည်း မလိုက်ဘူး၊ မီးကတော့ အတော်ကြာမှ ဖြတ်လိုက်တာ"ဟု အနီးအနားတွင် မျက်မြင်တွေ့ရသူ တစ်ဦးက ဆိုသည်။
ကယ်ဆယ်ရေးဆောင်ရွက်ရန်နှင့် ၎င်းအား ဓာတ်လိုက်မှုမရှိစေရန်အတွက် တာချီလိတ်မြို့တွင်းသို့ ဖြန့်ဝေနေသည့် လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်ထားလိုက်ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နေရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း ဦးဆောင်၍ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦးဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်/မြို့နယ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်သိ ပြည်သူများ စသည်တို့မှ အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။