မြို့နယ်ရဲတပ်ဖွဲ့မှူးအယောင်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးများထံမှ ဖုန်းဘေလ်နှစ်သိန်းကျော်လိမ်လည်
Than Soe Aung
နမ့်စန်၊ ဧပြီလ (၉) ရက်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးအယောင်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးများထံမှ ဖုန်းဘေလ်နှစ်သိန်းကျော်အား လိမ်ညာယူသွားသူကို အရေးယူနိုင်ရန် လိုက်လံစုံစမ်းနေကြောင်း သိရသည်။
“ကျန်တဲ့ရပ်ကွက်အုပ်ချုပ်းရေးရုံးတွေကိုလည်း ဖုန်းဝင်ပါတယ်။ ထိုနည်းအတိုင်းပဲတောင်းပါတယ်။ ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေကတော့ ဖုန်းငွေမလွှဲပေးခဲ့ပါဘူး။ ပြီးတော့ဖုန်းကိုစုံစမ်းလိုက်တဲ့အခါ ရဲမှူးရဲလွင်ဦးရဲ့ဖုန်းမဟုတ်ကြောင်း ငွေလွှဲပြီးမှအုပ်ချုပ်ရေးမှူးတွေ ဖုန်းငွေလွှဲပေးတာ အလိမ်ခံရမှန်းသိလိုက်ရပါတယ်”ဟု အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟမျိုးက ပြောသည်။
နမ့်စန်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဧပြီလ ၇ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲလွင်ဦးဟု ဆိုသူက ဖုန်းဆက်ပြီး ၎င်းမှာလွိုင်လင်ရောက်နေသဖြင့် ဖုန်းဘေလ်ဖြည့်ပေးရန်ပြောရာ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှုးက ဖုန်းဘေလ် ကျပ် (၁၆၀၀၀၀)ဖိုး ဖြည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“MPTဖုန်းငွေ(၁)သိန်းဖိုး၊ telenor(၃)သောင်း၊ ooredoo(၃)သောင်းဖိုးကိုခဲခြစ်ပြီး လွှဲပေးခဲ့ပါတယ်။ ပြီးတော့ညနေ ပြန်ရောက်ရင်ပြန်ပေးမယ်လို့ပြောပါတယ်။ ညနေပိုင်းမှာ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလင်းထံ ရဲမှူးရဲလွင်ဦးလို့ပြောပြီး ဖုန်ငွေဖြည့်ခိုင်းပြန်ပါတယ်။ ဦးရဲလင်းက ဖုန်းငွေလွှဲပေးတာ (၄၅၀၀၀)ကျပ်ဖိုး ပါသွားပြန်ပါတယ်” ဟု အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သီဟမျိုးက ပြောသည်။
အဆိုပါလိမ်လည်မှုနှင့် ပတ်သက်၍ စုံစမ်းဖေါ်ထုတ်မှုကို နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း သိရသည်။