တာချီလိတ်မြို့မ သုဿန်ရှိသုဘရာဇာအား တုတ်ဖြင့် ရိုက်၍ ထွက်ပြေးသူကို တာချီလိတ်မြို့မရဲစခန်းမှ ဖမ်းဆီးရမိကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် သုဘရာဇာ ဦးကျော်ကျော်(ကိုရခိုင်)အား တုတ်ဖြင့် ရိုက်နှက်၍ ထွက်ပြေးတိမ်းရှောင်သွားသူ ဝေဖြိုးကျော်(ခ)အကြီးကောင်အား အခင်းဖြစ်ပွားသည့်နေ့၏ ညပိုင်းမှာပင် တာချီလိတ် မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စကားများရန်ဖြစ်ရာမှ တုတ်ဖြင့် ရိုက်နှက်သူ ဝေဖြိုးကျော်(ခ)အကြီးကောင်သည် သုဿန်အတွင်း၌ တဲထိုးနေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းအား တာချီလိတ်မြို့မရဲစခန်း (ပ)၆၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးထားကြောင်း သိရသည်။
တုတ်ဖြင့် ရိုက်နှက်ခံရသော သုဘရာဇာမှာ စည်ပင်သာယာရေးဌာနမှ နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အလောင်းမီးရှို့ခြင်းအား ပြုလုပ်ပေးနေသူဖြစ်ကာ အသုဘရှင်များမှ ပေးခဲ့သော ငွေကြေးများအား ရယူရန် မူးယစ်ဆေးဝါးသုံးစွဲထားသူ တစ်ဦးက ရိုက်နှက်သွားခြင်းဖြစ်ကြောင်း သိရသည်။