ကိုဇက် -Tachileik News Agency
တာချီလိတ်၊ နိုဝင်ဘာလ (၅) ရက်
ထိုင်းနိုင်ငံမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တရုတ်နိုင်ငံသို့ လောင်စာဆီပြန်လည်တင်သွင်းမှုခွင့်ပြုထား
သော်လည်း ထိုင်းနိုင်ငံက မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နေသဖြင့် ဈေးကွက်မရှိ ဖြစ်နေကြောင်း သိရသည်။
"ထိုင်းက မဲခေါင်မြစ်ကြောင်းကနေတစ်ဆင့် စက်သုံးလောင်စာဆီတွေကို တိုက်ရိုက်တင်ပို့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒေသသုံးလောက်ကိုပဲ တင်ပို့နိုင်တယ်။ တစ်ဆင့်ပြန်ပြီး တင်ပို့နိုင်တဲ့အခြေအနေမရှိဘူး။ လောင်စာဆီတင်ထားတဲ့ သင်္ဘောကြီးတွေက တရုတ်နိုင်ငံကို တိုက်ရိုက်ပြေးဆွဲနေကြတာ"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။
တရုတ်နိုင်ငံမှ လောင်စာဆီလိုအပ်ချက်ကြောင့် မူဆယ်(၁၀၅)မိုင်မှ ၀ယ်ယူတင်သွင်းမှုများရှိသော်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တင်ပို့နိုင်သည့်ဈေးကွက်မရဖြစ်နေကြောင်း သိရသည်။
လောင်စာဆီအား နယ်စပ်ထွက်ပေါက်များမှတစ်ဆင့်ပြန်လည်တင်ပို့ခွင့်အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် လောင်စာဆီများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အသုံးပြုရန်သာ ကုန်သွယ်မှုပြုနိုင်သည့်အခြေအနေတွင်ရှိသေးကြောင်း ကုန်သည်များထံမှသိရသည်။
"ထိုင်းကနေ ရှမ်းပြည်နယ်ထဲဝင်တဲ့ လောင်စာဆီလမ်းကြောင်းဆိုရင် (၃)ကြောင်းရှိတယ်။ တာချီလိတ် လမ်းကြောင်းနဲ့ မိုင်းတုံဘက်က ဘီပီဝမ်းလမ်းကြောင်းရယ် RCSS/SSA ပိုင်ဧရိယာထဲက ဟိုမိန်းဘက်ကလည်း ၀င်တယ်။ ရှမ်း/တောင်ဘက်လမ်းကြောင်းက လင်းခေး၊ မိုင်းပန်၊ မိုးနဲဘက်ထိရောက်တယ်။ အသုံးပြုတာက နွေရာသီ သစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက်အဓိကထားအသုံးပြုတယ်"ဟု လောင်စာဆီကုန်သည် တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ လောင်စာဆီတင်သွင်းမှုမှာ တာချီလိတ်နယ်စပ်ဂိတ်မှ လစဉ် လီတာ(၁)သိန်းကျော် ပုံမှန်တင်သွင်းနေရပြီး ဘီပီဝမ်းဂိတ်မှတစ်ဆင့် မိုင်းတုံမြို့နယ် ၊ ထိုမှတစ်ဆင့် မိုင်းပန်၊ လင်းခေးသို့ပြန်လည် တင်သွင်း၍ ရှမ်းပြည်နယ် တောင်ပိုင်း သို့ ဖြန့်ဖြူးခြင်းဖြစ်ကြောင်း သိရသည်။