မကွေးတိုင်းဒေသကြီးအတွင်း ဦးစားပေးလုပ်ငန်းသုံးခုဆောင်ရွက်မည်ဟု ဒေါက်တာအောင်မိုးညို ပြောကြား

မကွေးတိုင်းဒေသကြီးအတွင်း ဦးစားပေးလုပ်ငန်းသုံးခုဆောင်ရွက်မည်ဟု ဒေါက်တာအောင်မိုးညို ပြောကြား
ဧပြီ 1, 2016
By Tachileik News Agency
ဖီးနစ် 
မကွေး၊မတ်လ (၂၉) ရက် ။    ။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံရသော ဒေါက်တာအောင်မိုးညိုက လယ်ယာမြေသိမ်းဆည်းခံပြဿနာ၊ ဝန်ထမ်းများ တိလိုက်စားမှုပြဿနာနှင့် စာမသင်ကြားရဘဲ လမ်းပေါ်ရောက်နေသော ကလေးများ၏ပြဿနာများကို  ဦးစားပေးဖြေရှင်းသွားမည်ဟု ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၏ အဆိုပြုချက်ဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံရသည့် ဒေါက်တာအောင်မိုးညိုက မတ်လ ၂၉ ရက်က မီဒီယာများအား ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။



၁၉၆၂ ခုနှစ် နောက်ပိုင်း ပကတိအခြေအနေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက် ခြစားမှု အဆိုးဝါးဆုံးနိုင်ငံ (၂၀) မှာပါဝင်နေပြီး တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေထဲမှာလည်း ပါဝင်နေပါ တယ်။ ကျောင်းပညာသင်ကြားနိုင်မှုမရှိဘဲ စ်ဝမ်းတခါးအတွက်လမ်းပေါ်မှာရှာဖွေစားသောက်နေရတဲ့ကလေးအရေအတွက်ကိုးသောင်း ခန့် ရှိကြောင်းယူနက်စကိုကိန်းဂဏန်းများအရသိရှိရပြီးကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် နောက်ဆုံးမှတ်တမ်းများအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်းကို ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လောနိုင်ငံများရဲ့နောက်မှာရှိနေပြီး အာရှမှာ ဒုတိယ အဆင်းရဲဆုံး နိုင်ငံဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရမှာကတော့ မလွဲ မသွေပါပဲဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။



လယ်ယာမြေသိမ်းဆည်းမှု ပြဿနာမှာ မကွေးတိုင်းဒေသကြီးတွင် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း သိရသည်။



စလင်း နဲ့ ပွင့်ဖြူ နယ်စပ်တွေမှာစစ်တပ်က သိမ်းဆည်းခဲ့ပြီး ပြန်စွန့်တဲ့အခါမှာ လယ်ပိုင်ရှင်အချို့ လယ်မြေပြန်မရတဲ့ဖြစ်ရပ်မျိုးတွေရှိတယ်။ စစ်တပ်က သိမ်းစဉ်ကတည်းကိုက အဲဒီလယ်မြေတွေမပါဘူး ဆို ပြီးဖြစ်နေတယ်။ စပြီးသိမ်းဆည်းခံရစဉ်ကတည်းက ရွာအုပ်ချုပ်ရေးမှာတာဝန်ရှိတဲ့ ဥက္ကဌဆိုသူက ယူထား တဲ့ဖြစ်ရပ်မျိုးတွေ၊ အဲလိုကိစ္စမျိုးတွေကို တိုင်း/ခရိုင်အဆင့်ဆင့်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတွေနဲ့ ညှိနှိုင်းပြီး လယ်ပိုင်ရှင်လယ်ပြန်ရစေရေးအတွက်ဥပဒေနဲ့အညီဆောင်ရွက်ပေးရပါမယ်ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။



ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ဖြစ်သည့် မတ်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း နှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၃) အရ  မကွေးတိုင်းဒေသကြီး လွှတ်တော်ကသဘောတူကြောင်းဆုံးဖြတ်ခဲ့သည်။

သတင်း။  ။ ဖီးနစ် 
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net