( တင်ရန် ) ထိုင်းနိုင်ငံနယ်စပ်မြို့တွင် မြန်မာနိုင်ငံသားများအား ဆီးစစ်ငွေညှစ်နေမှုကို ဖိအားပေးတားမြစ်မည်ဟု မယ်ဆိုင်မြို့ပိုင်ပြောကြား

( တင်ရန် ) ထိုင်းနိုင်ငံနယ်စပ်မြို့တွင် မြန်မာနိုင်ငံသားများအား ဆီးစစ်ငွေညှစ်နေမှုကို ဖိအားပေးတားမြစ်မည်ဟု မယ်ဆိုင်မြို့ပိုင်ပြောကြား
ဧပြီ 1, 2016
By Tachileik News Agency
Zaung Nyi – Tachileik News Agency

တာချီလိတ်၊ မတ်လ (၃၀)ရက်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း မြန်မာနိုင်ငံသားများအား ထိုင်းရဲများက ဆီးစစ်ငွေညစ်မှုများကို မပြုလုပ်စေရန် မယ်ဆိုင်မြို့ပိုင်က ဖိအားပေးပြောဆိုသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ နယ်ခြားကော်မတီ (TBC)အစည်းအဝေးတွင် ပြောကြားသွားသည်။

“မယ်ဆိုင်မြို့အတွင်း မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက ဆီးစစ် ဖမ်းဆီးနေတာကို နောက်မပြုလုပ်စေရန် ထိုင်းရဲလက်အောက်ငယ်သားအထိ ဖိအားပေးပြောပေးသွားမှာပါ။”ဟု မယ်ဆိုင်မြို့ပိုင် ချူ့စိဒေ့မီးကျန်း ကပြောသည်။

ယခင် TBC အစည်းအဝေးတွင်လည်း ထိုင်းရဲများ ဆီးစစ်၍ ဖမ်းဆီးခြင်းကို မပြုလုပ်စေရန် နှစ်ဖက်သက်ဆိုင်ရာများ သဘောတူထားသော်လည်း ပြန်လည်ဆီးစစ်နေ၍ ယခု TBC အစည်းအဝေးတွင် ထပ်မံ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“အခု မယ်ဆိုင်မြို့ပိုင်က တဆင့် သူတို့မှာရှိတဲ့ ထိုင်းရဲတပ်ဖွဲ့ကို ခေါ်ယူပြီး သတိပေးမယ်လို့ ပြောပါတယ်။အရင်အစည်းအဝေးတွေမှာ အာမခံထားတာကြောင့် အခုအစည်းအဝေးမှာလည်း အာမခံဖို့ ပြန်လည်ပြောသွားခြင်းဖြစ်ပါတယ်။”ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်မြို့မှ တဆင့် မယ်ဆိုင်မြို့အတွင်း သွားရောက်လည်ပတ်သော မြန်မာနိုင်ငံသားများအနေဖြင့် ယခုလို ထိုင်းရဲများက လမ်းမပေါ်တွင် တားဆီးပြီး ဆီးစစ်ကာ တရားရုံးမပို့မီ ငွေညှစ်မှုများကို ပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဟိုဘက်ကမ်းကို သွားလည်တာ လမ်းမှာ ထိုင်းရဲတွေက တားဆီးပြီး ဆီးစစ်တယ်။ အဲမှာ ဆေးသုံးစွဲမှုပေါ်တယ် ဆိုပြီး အချုပ်မကျချင်ရင် သူတို့ကို ဒဏ်ငွေ ဆောင်ရမယ်ဆိုပြီး ဘတ်(၂၀၀၀၀) တောင်းပါတယ်။ ပိုက်ဆံမပေးနိုင်တဲ့ သူကတော့ တရားရုံးကို ပို့တာပေါ့။ အမှန်က သူတို့ ဥပဒေမှာ ဆီးစစ်လို့ မူးယစ် ပေါ်ရင် အချုပ် (၂၈) ရက်ပဲကျတာ။”ဟု ဒေသခံ ကိုစိုင်းလှမင်း ကပြောသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအရ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား ဆီးစစ်ခြင်း ၊ အလုပ်ခွင်တွင် ၀င်ရောက်ဖမ်းဆီးခြင်း မပြုလုပ်ရန်ပြောထားသော်လည်း တစ်ခါတစ်ခါ အကြောင်းကြားမရှိဘဲ ပြုလုပ်နေလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net