ပြည်နယ်သတ္တုဝန်ကြီးမှ ကျားဖြူပါတီဝင် (၄၀၀)ကျော်နှင့်အတူ မိုင်းဖုန်းဆရာတော်ဖူး

ပြည်နယ်သတ္တုဝန်ကြီးမှ ကျားဖြူပါတီဝင် (၄၀၀)ကျော်နှင့်အတူ မိုင်းဖုန်းဆရာတော်ဖူး
မေ 24, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှ ယနေ့ မေလ(၂၄)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့သို့ရောက်ရှိခဲ့ပြီး SNDP(ကျားဖြူ)ပါတီဝင် (၄၀၀)ခန့်ဖြင့် မိုင်းဖုန်းဆရာတော်အား သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။

“၀န်ကြီးက မိုင်းကိုးကျေးရွာမှာကျင်းပမဲ့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုနွေရာသီ သင်တန်းဆင်းပွဲနဲ့ လုပ်ငန်းဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲအတွက် တာချီလိတ်ကိုလာတာပါ၊ အဲ့ဒါကမနက်ဖြန်(၂၅)ရက်နေ့မှာ ပြုလုပ်မှာ”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

ပြည်နယ်ဝန်ကြီးသည်တာချီလိတ်မြို့တွင် သတ္တုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပကာ မိုင်းတုံ - မိုင်းဆတ်မြို့သို့ လုပ်ငန်းပိုင်ဆိုင်ရာများနှင့် ပတ်သက်၍ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပါတီက သင်ပေးနေတဲ့ သင်တန်းဆင်းပွဲကို တက်ရောက်ချီးမြှင့်ပြီး မိုင်းကိုးမှာ သစ်ပင်စိုက်ပွဲအစီအစဉ်ပါရှိပါတယ်”ဟု SNDP ပါတီ၏ ၀မ်ပုံမြို့ အတွင်းရေးမှူး ဦးစိုင်းမွန်းမှပြောသည်။

ဝန်ကြီးသည် SNDPပါတီ ဥက္ကဌဖြစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရတွင် သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးတာဝန်ထမ်းဆောင်လျှက်ရှိကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင်း SNDP ပါတီ(ကျားဖြူ)နှင့်ပတ်သက်၍ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

တာချီလိတ်ခရိုင်အတွင်း SNDP ပါတီ(ကျားဖြူ)မှ ပါတီဝင်အင်အား(၁၅၀၀၀)ခန့်ရှိကြောင်းနှင့် ရှမ်းပြည်နယ်တစ်ဝှမ်းတွင် အင်အား(၃)သိန်းခန့်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net