(၆၈)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချကာ အလေးပြု အခမ်းအနားအား တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)အတွင်း၌ ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်ထက် ပိုမိုထူးကဲစွာ ကျင်းပနိုင်ရန်ကြိုတင် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
"အရင်နှစ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား ကျင်းပနိုင်ဖို့ ပြင်ဆင်ထားပါတယ်၊ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို လွမ်းသူ့ပန်းခွေချတဲ့ နေရာမှာ ရန်ကုန်က အာဇာနည်ဗိမာန်ပုံစံမျိုး ဖန်တီးဖို့ ပြင်ဆင်ထားပါတယ်.."ဟု အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးအဖွဲ့မှ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းများတွင် ကလေးများအား စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများအား ယနေ့ ဇူလိုင်(၁၄)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အင်္ကျီများအား တာချီလိတ်မြို့အတွင်း လူစည်ကားရာနေရာများတွင် လိုက်လံရောင်းချလျှက်ရှိရာ ရရှိလာသော အမြတ်ငွေများအား အာဇာနည်နေ့ အခမ်းအနားတွင် အသုံးပြုမည်ဖြစ်ပြီး ပိုငွေများအား ဘ/ကကျောင်းဖြစ်သည့် အောင်မင်္ဂလာ(ပရဟိတ)ကျောင်းသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် ယခုပြုလုပ်မည့် အခမ်းအနားအား ဖြစ်မြောက်ရန်အတွက် မည့်သည့် အဖွဲ့အစည်း နှင့်မည်သူ့ထံမှ အလှူငွေကောက်ခံခြင်း မရှိကြောင်း သိရသည်။
(၁၉)ဇူလိုင် အာဇာနည်နေ့ အခမ်းအနားအား (၁၈)ရက်နေ့ညပိုင်းတွင် အာဇာနည်နေ့ သီချင်း(၂)ပုဒ်အား ကျောင်းသားကလေးငယ်များမှ ရွေးချယ်သီဆိုယှဉ်ပြိုင်သွားမည့် အစီအစဉ်နှင့် အနုပညာ ၀ါသနာရှင်များမှ အာဇာနည်နေ့ သမိုင်းအကြောင်းအား တစ်ခန်းရပ်ပြဇာတ်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ဇူလိုင် (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့ အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။