ရွှေတိဂုံစေတီ နှင့် ပတ်သက်၍ နဂါးနှစ်ကောင်ဆရာတော် ဦးဆောင်ကာ ဆွေးနွေး

ရွှေတိဂုံစေတီ နှင့် ပတ်သက်၍ နဂါးနှစ်ကောင်ဆရာတော် ဦးဆောင်ကာ ဆွေးနွေး
အောက်တိုဘာ 31, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်လုံးကျွတ် မဟာဘုံကထိန် ကျင်းပနိုင်ရေးနှင့် ကျောင်းရွေးချယ်မှု အစည်းအဝေးကို ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၃၁)ရက် ညနေ(၅)နာရီအချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် အဓိကအားဖြင့် အကြောင်းအရာ (၄)မျိုးကို ဆွေးနွေးကြရာ၊ ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူရာတွင် ခုနှစ်ရက်သားသမီးများ ပါဝင်၍ ကုသိုလ်ယူ လှူဒါန်းနိုင်ရန်ကိစ္စ၊ ၂၀၁၄ခုနှစ် မဟာဘုံကထိန် ကျင်းပနိုင်ရေးကိစ္စ၊ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူရန်ကိစ္စ၊ ရွှေတိဂုံစေတီလမ်း မှ အ.ထ.က(တာချီလိတ်) ကျောင်းလမ်းထိ ကတ္တရာထပ်ပိုးလွှာ ခင်းနိုင်ရေးကိစ္စ တို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုတွင် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" နှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ စသည်တို့မှ တက်ရောက်လာခဲ့ကြပြီး ဆွေးနွေးခဲ့ကြသည်။

 ရွှေတိဂုံစေတီလမ်း မှ အ.ထ.က(တာချီလိတ်) ကျောင်းလမ်းထိ ကတ္တရာထပ်ပိုးလွှာခင်းရေး ကိစ္စရပ်နှင့် ပတ်သက်၍ နဂါးနှစ်ကောင်ဆရာတော်မှ ဦးဆောင်၍ ကုန်ကျမှုများကို စုပေါင်းလှူဒါန်း သွားမည်ဖြစ်ရာ စည်ပင်သာယာကော်မတီမှ ကတ္တရာများ ပံ့ပိုးမှာ ဖြစ်ကြောင်းနှင့် နဂါးနှစ်ကောင်ဆရာတော်မှ အများသူငှာ ကုသိုလ်ရရှိနိုင်ရန်အတွက် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

ယနေ့ နေ့လည်ပိုင်းတွင် နဂါးနှစ်ကောင်ဆရာတော် နှင့် စည်ပင်သာယာရေးအဖွဲ့မှ ရွှေတိဂုံဘုရား လမ်းဆုံအား အသေးစား အ၀ိုင်းပတ်ထားရှိရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အသေးစား အ၀ိုင်းပတ် ထားမည့်အစား ရွှေတိဂုံဘုရားလမ်း၊(ကျောင်းလမ်းတစ်လျှောက်)အား တစ်လမ်းသွားအဖြစ် သတ်မှတ်ရန် ညှိနှိုင်းသွားဖို့ အစီအစဉ်ရှိကြောင်း လျှောက်ထားရာ ဆရာတော်မှ အသေးစားအ၀ိုင်းပတ် ဆောက်လုပ်လှူဒါန်းမှုကို ပယ်လိုက်ပြီး ထပ်ပိုးလွှာ ခင်းရန်ကိစ္စကိုသာ အတည်ပြုပေးတော်မူသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် နိုဝင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူမည့်ကိစ္စ နှင့် ရွှေသင်္ကန်းကပ်လှူဒါန်ရန် ကိစ္စများအပြင် တာချီလိတ်မြို့နယ်အတွင်း ယာဉ်များမောင်းနင်၍ သွားလာနေသည့် အချို့သော သံဃာများအား စိစစ်အရေးယူနိုင်ရန်အတွက် နဂါးနှစ်ကောင်ဆရာတော်မှ ဦးဆောင်၍ ဆွေးနွေးခဲ့ကြသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~