တာလော့ဈေးအနီးမှ ငါးထပ်အဆောက်အဦးမီးလောင်သွားသည့် မိသားစုအား ဝန်ကြီးဌာနမှ ထောက်ပံ့ကြေးပေးအပ်

တာလော့ဈေးအနီးမှ ငါးထပ်အဆောက်အဦးမီးလောင်သွားသည့် မိသားစုအား ဝန်ကြီးဌာနမှ ထောက်ပံ့ကြေးပေးအပ်
ဖေဖော်ဝါရီ 1, 2017
By Tachileik News Agency

တာလော့ဈေးအနီးမှ ငါးထပ်အဆောက်အဦးမီးလောင်သွားသည့် မိသားစုအား ဝန်ကြီးဌာနမှ ထောက်ပံ့ကြေးပေးအပ်
...........

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့ဈေးအနီးမှ မီးလောင်မှုဖြစ်ပွားသည့် (၅)ထပ် အဆောက်အဦးမှ မိသားစုများ ပြန်လည်ထူထောင်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်(၃)သိန်းကျော်နှင့် ထောက်ပံ့ပစ္စည်းများအား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းဦးနှင့် တာဝန်ရှိသူများက ဇန်န၀ါရီလ(၃၁)ရက်နေ့က အဆိုပါမိသားစုအား ပေးအပ်လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ(၃၀)ရက်နေ့က ဖြစ်ပွားခဲ့သည့်တာချီလိတ်မြို့၏ အထင်ကရဈေးတစ်ခုဖြစ်သည့် တာလော့ဈေးအနီးမှ အဆိုပါငါးထပ်အဆောက်အဦး၏ အပေါ်ဆုံးထပ် မီးလောင်မှုမှာ သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ဒေသခံများ၏ ပူးပေါင်းပါဝင်ကူညီမှုကြောင့်သာ အနီးဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်း မရှိဘဲ အချိန်မီငြိမ်းသတ်နိုင်ခြင်းဖြစ်ကြောင်း မီးလောင်သည့်နေအိမ်မှ မိသားစုဝင်များက ပြောကြားလိုက်သည်။

"စစ်ဗျူဟာမှူး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးအပြင် မီးသတ်တပ်ဖွဲ့တွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော၊ တာဝန်သိပြည်သူတွေရော နောက်ပြီး ထိုင်းဘက်က မီးသတ်တပ်ဖွဲ့ကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်ချင်းစာပြီး ကူညီပေးခဲ့ကြတဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ ကျွန်မတို့လည်း ဖြစ်တဲ့နေ့မှာပဲ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တာပါ။ နာရေးလည်းဖြစ်သွားတော့ အခုမှပဲ ကျေးဇူးတင်စကား ပြောဖြစ်လို့ပါ။ မီးငြိမ်းသတ်နိုင်ဖို့ သူတို့အိမ်အပေါ်ထပ်ထိ မီးသတ်တွေတက်ခွင့်ပေးပြီး ကူညီပေးခဲ့တဲ့ အိမ်နီးချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီလို ကူညီပေးခဲ့လို့လည်း အားလုံးစုပေါင်းပြီး မီးကိုအလွယ်တကူငြိမ်းနိုင်ခဲ့ကြတာပါ။ နောက်ပြီး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ငွေကြေးနဲ့ထောက်ပံ့ပစ္စည်းတွေ ပေးအပ်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" "ဟု အိမ်ရှင်ဖြစ်သူ ဒေါ်ခင်သန်းနွယ်က ပြောသည်။

အချိန် (၂)နာရီနီးပါး တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မီးသတ်ကားများ စုပေါင်းငြိမ်းသတ်ခဲ့ရသည့် အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒာလင်း၊ တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ ဦးစီးအရာရှိ (ဒုတိယတန်း) ဦးဘမိုးမြင့် နှင့် သက်ဆိုင်ရာဌာနများ အပြင် သာရေးနာရေး လူမှုကူညီရေးအသင်းများ၊ ဆိုင်ကယ်(Taxi)ပြေးဆွဲသူများ၊ တာလော့ရပ်ကွက်အတွင်းမှ ပြည်သူများနှင့် တာချီလိတ်မြို့နေ တာဝန်သိ ပြည်သူများ အားလုံးအပြင် ထိုင်းနိုင်ငံဘက်မှ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများလည်း ပူးပေါင်းငြှိမ်းသတ်ခဲ့ကြခြင်းဖြစ်သည်။

"အဲဒီအိမ် မီးလောင်ချိန် တော်တော်များများ ပါဝင်ပြီးတော့ တတ်နိုင်တဲ့ဘက်က ကူပေးကြတာတွေ့ရတယ်။ ကျွန်တော်လည်း အပေါ်ထပ်ထိ တက်ပြီး ကူညီပေးခဲ့ပါတယ်။ အခုလို ဖြစ်တော့ စိတ်မကောင်းဘူးလေ။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးဖြစ်တာပါ။ လူတစ်ဦး သေဆုံးသွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ တာချီလိတ်မှာ ဘယ်နေရာဘာဖြစ်ဖြစ် နီးစပ်ရာတွေအနေနဲ့ ၀ိုင်းဝန်းကူညီပေးကြရင် ကြီးကြီးမားမားတွေ မဖြစ်တော့ပါဘူးပေါ့ဗျာ"ဟု တာလော့ရပ်ကွက်မှ ကိုနေ၀င်းက ပြောသည်။

် နေအိမ်အပေါ်ဆုံးထပ် ဘုရားခန်းတွင် ဖယောင်းတိုင်မီးပူဇော်ရာမှဖြစ်ပွားသည့် အဆိုပါမီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် အသက် (၇၉)နှစ်ရှိ ဦးစိုင်းမြင့် ( ခ ) ရန်ချင်းလျှံ သေဆုံးသွားပြီး အဆိုပါနေအိမ်အပေါ်ထပ်မှာ စောင်များနှင့်အ၀တ်အထည်များ သိုလှောင်ထားသည့်အတွက် မီးလောင်ချိန်ကြာမြင့်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မ ရဲစခန်း၌ ပုဒ်မ (၂၈၅/၃၀၄-က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~