(တင်ရန်) ရာသီအစကတည်းက အကျဈေးဖြစ်လာသည့် ကယားပြောင်းဖူးဈေးကွက် ဇန်နဝါရီလတွင် ဈေးကွက်ပျက်လာ

(တင်ရန်) ရာသီအစကတည်းက အကျဈေးဖြစ်လာသည့် ကယားပြောင်းဖူးဈေးကွက် ဇန်နဝါရီလတွင် ဈေးကွက်ပျက်လာ
ဇန်နဝါရီ 29, 2017
By Tachileik News Agency

Tachileik News Agency
တောင်ကြီး၊ ဇန်နဝါရီလ (၂၈ ) ရက်
ပြောင်းဈေးကွက်စတင်ကတည်းက ဈေးကျလာသည့် ကယားပြည်နယ် ပြောင်းဈေးမှာ ဇန်နဝါရီလတွင် ဈေးကွက်ပျက်သွားပြီး အရောင်းအဝယ်မရှိတော့ကြောင်း သိရသည်။

" ပြောင်းဖူးက ဈေးထိုးကျပါတယ်ဆို ခုကဈေးကွက်ပါ ပျက်ပြီ။ ဝယ်မယ့်သူကို မရှိတော့တာ။ ဘာမှလုပ်လို့ကို မရတော့ဘူး။ လုပ်လည်း မလုပ်တတ်တော့ဘူး "ဟု မြေနီကုန်းကျေးရွာ မှ ကိုဦးရယ်က ပြောသည်။

ပြောင်းဖူးဈေး ကျဆင်းနေသလို ဝယ်ယူသူ မရှိသောကြောင့် တောင်သူများ ချေးယူထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရန် လည်း အခက်ခဲဖြစ်နေတယ်ဟု ချိကယ်ကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးဆူရယ် ကပြောသည်။

ပြောင်းစတင်ထွက်ရှိသည့်အချိန်မှစ၍ ဈေးကျလာသဖြင့် တောင်သူအများစုမှာ တက်ဈေးရရန် လှောင်ထားခဲ့သော်လည်း လက်ရှိတွင် ဈေးကွက်ပျက်နေ၍ သမဝါယမချေးငွေပြန်ဆပ်ရန်ပင် အခက်ကြုံနေရကြောင်း သိရသည်။

" ပြောင်ဖူးဈေးက ကျတော့ရောင်း မရသေးဘူး။ လှောင်ထားတာပေါ့။ စက်ထွန်ခတွေ မြေသြဇာဖိုးတောင် မရဘူး။ ရောင်းမယ်ဆို အခုက ဝယ်မယ့်သူကလည်း သိပ်မရှိတော့ဘူး။ ကျွန်တော်ဆို သမကချေးထားတဲ့ ချေးငွေတွေ ပြန်ပေးရမှာ။ ခုမပေးနိုင်ဘူး။ အပြင်ကနေ အတိုးနဲ့ချေးပြီး ပြန်ဆပ်ရတော့မှာပေါ့ "ဟု ၎င်းကပြောသည်။

ကယားပြည်နယ်မှ ပြောင်းကို တရုတ်မှ အများဆုံးဝယ်ယူနေခြင်းဖြစ်ရာ လက်ရှိမှာ တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် အဝယ်နည်းနေခြင်းဖြစ်နိုင်ကြောင်း ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးမြင့်အောင် ကခန့်မှန်းသည်။

"ဝယ်တဲ့သူကတော့ရှိပါတယ်။ ဒီမှာက တရုတ်က အဝယ်များတယ်။ ခုကတရုတ်နှစ်သစ်ကူးပွဲက ရှိနေတော့ အဝယ်ကျဲတာပေါ့။ အဓိကက ဈေးကျနေတာ ခုက ၂၅၀ ပဲရှိတယ်။ ကားခလည်း ဈေးတက်တယ်။ တောင်သူတွေ အတွက်ကတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးပေါ့ "ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးမြင့်အောင် ကပြောသည်။

ကယားပြည်နယ် စိုက်ပျိုးရေးထုတ်ကုန်၏ ၉၀ ရာခိုင်နှုန်းမှာ ပြောင်းစေ့ဖြစ်ပြီး ပြည်နယ်တွင်း စိုက်ဧကပေါင်း တစ်သိန်းခွဲကျော်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း၏ စာရင်းအရ သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~