ပါဆယ်စနစ် မလိုက်နာသည့် စားသောက်ဆိုင်များကို ဆိုင် (၇)ရက် ပိတ်စေသည့် နည်းဖြင့် ကျောက်မဲ စည်ပင်အရေးယူ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် Take – Away (ပါဆယ်)စနစ်သို့ ပြောင်းလဲရောင်းချခြင်းမရှိသည့်အတွက် ပထမအကြိမ် သတိပေးခြင်းအဖြစ် ဆိုင်ကို (၇)ရက် ပိတ်ထားစေရန် အရေးယူရသည့်ဆိုင်အရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့အထိ (၃)ဆိုင် ရှိသွားပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။
“Take Away စနစ်ကို မလိုက်နာတဲ့အတွက် ဒီနေ့ ပြည်ထောင်စုလမ်းမကြီးဘေးက ဆိုင်တစ်ဆိုင်ကို ထပ်ပိတ်လိုက်ပါတယ်။ စက်တင်ဘာ (၂၇) ရက်နေ့က ဆိုင် (၂) ဆိုင်ကို (၇) ရက် ပိတ်ထားခိုင်းခဲ့ပါတယ်။ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်က ကျေးရွာအုပ်စု စုစုပေါင်း (၉) စုမှာရှိတဲ့ စားသောက်ဆိုင်တွေ အားလုံးကို Take Away စနစ်နဲ့ ရောင်းချဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ထားပြီးပါပြီ”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid ရောဂါ မပြန့်ပွားစေရေးအတွက် စားသောက်ဆိုင်များအားTake Away စနစ်ဖြင့်သာ ရောင်းချရန် ရှမ်းပြည်နယ် Covid ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက စက်တင်ဘာလ (၂၅)ရက်နေ့က စတင် ညွှန်ကြားထားခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ စားသောက်ဆိုင်စုစုပေါင်း (၁၄၁) ဆိုင်အား ပါဆယ် စနစ်ဖြင့် ရောင်းချရန် ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် COVID ကော်မတီ၊ စည်ပင်သာယာရေးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့် အဖွဲ့ (၈) ဖွဲ့ဖြင့် နေ့စဉ် လိုက်လံ စစ်ဆေးမှု လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - စည်ပင်