စစ်ကိုင်းတွင် ကျင်းပမည့် သီတဂူဆရာတော်၏ မွေးနေ့အလှူအား ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် လူဦးရေ အနည်းဆုံးဖြင့်သာ ကျင်းပမည်
နိုင်ငံအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည့် အခြေအနေများကြောင့် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပမည့် သီတဆရာတော်ကြီး၏ သက်တော်(၈၃) နှစ်ပြည့် မွေးနေ့ပူဇာ အလှူမင်္ဂလာကို လူဦးရေ အနည်းဆုံးဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့က အသိပေးကြေညာထားသည်။
စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူအဓိပတိဆရာတော်ကြီး၏ သက်တော်(၈၃) နှစ်ပြည့် ဝိဇာတမွေးနေ့ပူဇာ အလှူမင်္ဂလာအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှ မတ်လ (၁၀)ရက်နေ့အထိ ကျင်းပရန်နှင့် သံဃာတော်အပါး (၂,၀၀၀) နှင့် သီလရှင်ဆရာလေး အပါး (၁၀၀၀) တို့အား လှူဖွယ်ဝတ္ထုအမျိုးမျိုးတို့ကို လှူဒါန်းပူဇော်ရန် စီစဉ်ထားရှိ ခဲ့ခြင်းဖြစ်သော်လည်း လူဦးရေနည်းနိုင်သမျှ နည်းစေရန် စီစဉ်မည်ဖြစ်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်း နှစ်စဉ်ကျင်းပသကဲ့သို့ စတုဒိသာ ကျွေးမွေးခြင်းများကို ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသောအားဖြင့် လည်းကောင်း၊ ရဟန်းရှင်လူ ဒကာ ဒကာမတို့၏ ကျန်းမာရေးကို စိုးရိမ်ပူပန် မိသောကြောင့်လည်းကောင်း လူဦးရေနည်းနိုင်သမျှ နည်းအောင်လျှော့ချပြီး ကျန်းမာရေး အသိ သတိ အပြည့်အဝဖြင့် ပါဝင်ကုသိုလ်ယူကြပါရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေး ဆရာတော်များက မေတ္တာရပ်ခံထားသည်။
သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှ ဗုဒ္ဓဓမ္မပါဒ သင်တန်းသူ သင်တန်းသားများ၏ ခရီးစဉ်ကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။