ရွှေစက်တော်ဘေးမဲ့တော အတွင်းရှိ ရွှေသမင်များအတွက် နွေရာသီကာလအတွင်း အဆင်ပြေစေရန် သုံးသောက်ရေများ ဖြည့်တင်းပေးထား

ရွှေစက်တော်ဘေးမဲ့တော အတွင်းရှိ ရွှေသမင်များအတွက် နွေရာသီကာလအတွင်း အဆင်ပြေစေရန် သုံးသောက်ရေများ ဖြည့်တင်းပေးထား
မတ် 9, 2020
By Tachileik News Agency
 ရွှေစက်တော်ဘေးမဲ့တော အတွင်းရှိ ရွှေသမင်များအတွက် နွေရာသီကာလအတွင်း အဆင်ပြေစေရန် သုံးသောက်ရေများ ဖြည့်တင်းပေးထား

ရွှေစက်တော်ဘေးမဲ့တောဧရိယာအတွင်းရှိ ရွှေသမင်များအတွက် နွေရာသီကာလအတွင်း အဆင်ပြေစေရန် မြေသား ရေကန်(၃)ကန်၌ သောက်သုံးရေများကို ဖြည့်တင်းပေးထားပြီး ကန်ရေလျော့သွားပါက ဆက်လက်ဖြည့်တင်းသွားမည် ဖြစ်ကြောင်း  ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တောဧရိယာအတွင်း တပ်မတော်ဝါစိုက်ခင်းအနီးရှိ ရေပြာကန် ၊ သပိတ်ဆေးကန် ၊ တမာပင် မုဆိုးကန်များတွင် ၂၀၂၀ခုနှစ် မတ်လ(၅)ရက်နေ့ကစ၍ ရေဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး မတ်လ (၉)ရက်နေ့အထိ အငှား ကား ဂါလံ(၁၆၀၀)ဆန့် တပ်မတော် ဘောက်ဆာယာဉ်ဖြင့် (၁၄)ခေါက် ၊ ဘေးမဲ့တောရုံးဌာနပိုင်ကားဖြင့် (၉) ခေါက် စုစုပေါင်း (၂၄)ခေါက် ရေဖြည့်တင်းပြီးစီး‌ကြောင်း သိရသည်။

“တခြားကန်တွေ ရှိနေသေးပေမယ့် ရေကျန်သေးတာကြောင့်ရယ် ကားဝင်မရတာရယ်ကြောင့် ကားဝင်လို့ရ ပြီး မုန်းချောင်းနဲ့ (၄)မိုင်လောက်ဝေးတဲ့ ဒီ ကန်(၃) ကန်မှာပဲ ဖြည့်ပေးရတာပါ။  ရွှေသမင်ကောင်ရေ (၁,၅၀၀) ဝန်းကျင်ရှိတယ်လို့ စာရင်းကောက်ယူ ရရှိထားပြီး ကောင်ရေ (၅၀၀) လောက်က အခုရေဖြည့်တဲ့ ကန်တွေ အနီးမှာ ကျက်စားတာပါ။ ကန်ရေလျော့သွားတိုင်း အပတ်စဉ် ဖြည့်ပေးသွာမှာပါ။ လက်ကျန်ငွေရှိနေပါ သေးတယ် ”ဟု ဘေးမဲ့တောရုံး ဦးစီးအရာရှိ ဦးသိန်းလွင် က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်နှစ်ကလည်း ရွှေသမင်များအတွက် ရေကန်များကို အလှူရှင်များ လှူဒါန်းသည့်ငွေထဲမှ ကျပ်(၁၀) သိန်းဖိုးခန့် ရေဖြည့်တင်းမှု လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် လက်ကျန်ငွေ ကျပ်သိန်း(၂၀)ဖြင့် ဆက်လက်လုပ် ဆောင်နေခြင်း ဖြစ်ကြောင်း သိရပြီး အငှားခေါ်ရသည့် တပ်မတော် ဘောက်ဆာယာဉ်များမှာ တစ်စီးလျှင် ဆီဖိုးတစ်သောင်းကျပ်သာ ရယူ ကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေသမင်များအတွက် အုတ်ရေကန်များ တည်ဆောက်ပေးရန် အကြံပြုချက်၊ ဝေဖန်ချက် ပေးသူများရှိသော် လည်း ရွှေသမင်များမှာ ရေကန်မှရေကို သောက်သုံးခြင်း သာမက ရေစိမ်၍ ရွှံ့လူးတတ်သည့် ဓလေ့သဘာဝရှိ ၍ ယခုကဲ့သို့ သဘာဝမြေသားကန်များကိုသာ ရေဖြည့်တင်းပေးရခြင်းဖြစ်သည်ဆို၏။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - Thein Lwin

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~