နယ်စပ်ဂိတ်များပိတ်ထားစဉ် ထိုင်းနိုင်ငံတွင်း ကျန်နေသည့် မြန်မာလုပ်သားများ အခွင့်အရေး မဆုံးရှုံးစေရန် အကူအညီလိုပါက မြန်မာအလုပ်သမားသံအရာရှိရုံးထံ အကူအညီတောင်းခံနိုင်

နယ်စပ်ဂိတ်များပိတ်ထားစဉ် ထိုင်းနိုင်ငံတွင်း ကျန်နေသည့် မြန်မာလုပ်သားများ အခွင့်အရေး မဆုံးရှုံးစေရန် အကူအညီလိုပါက မြန်မာအလုပ်သမားသံအရာရှိရုံးထံ အကူအညီတောင်းခံနိုင်
မတ် 27, 2020
By Tachileik News Agency
နယ်စပ်ဂိတ်များပိတ်ထားစဉ် ထိုင်းနိုင်ငံတွင်း ကျန်နေသည့် မြန်မာလုပ်သားများ အခွင့်အရေးမဆုံးရှုံးစေရန် အကူအညီလိုပါက မြန်မာအလုပ်သမားသံအရာရှိရုံးထံ အကူအညီတောင်းခံနိုင်

ထိုင်းနိုင်ငံက နယ်စပ်ဝင်ထွက်ဂိတ်များ ပိတ်လိုက်ပြီး ညမထွက်ရအမိန့်ပါ ထုတ်ထားသဖြင့် မြန်မာလုပ်သားများ အနေဖြင့် နိုင်ငံတွင်း ထုတ်ပြန်လိုက်သည့် အမိန့်ဥပဒေများကို လိုက်နာနေထိုင်ကြရန်နှင့် တရားဝင်အလုပ်သမားများ ခံစားခွင့် မဆုံးရှုံးစေရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးမည်ဖြစ်၍ လိုအပ်ပါက ဆက်သွယ်ကြရန် အသိပေးတိုက်တွန်းထားသည်။

ဟိုဘက်မှာလည်း အခုချိန်ထိ လည်ပတ်နေတဲ့ စက်ရုံတွေလည်းရှိတော့ သူတို့ကို အလုပ်အကိုင်ရအောင် ကူညီဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ ဗီဇာကုန်တယ်ဆိုရင်လည်း ထိုင်းဘက်ကနေ မည်သည့် စာအုပ်မျိုးမဆို လျှော့ပေးထားတာတွေရှိပါတယ်။ အခုလောလောဆယ် သူတို့ဘက်က သတ်မှတ်ပေးထားတဲ့အတိုင်း နေပြီး အခက်အခဲရှိတယ်ဆိုရင်လည်း ကျွန်တော်တို့ သံအရာရှိ (၅)ယောက်လုံးရဲ့ ဖုန်းနံပါတ်တွေကိုလည်း အွန်လိုင်းမှာလည်း ကြေညာထားတာ ရှိပါတယ်။ ဆက်သွယ်လို့ရပါတယ်။ တကယ်လည်း လိုက်ပါပြီးတော့ ဆောင်ရွက်ပေးနေပါတယ်

ဟု ချင်းမိုင်အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့က ပြောသည်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ပျံ့နှံ့နေမှုကြောင့် အချို့လုပ်ငန်းများ ခေတ္တရပ်ဆိုင်းရပါက တရားဝင်လာရောက်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဥပဒေအရ ခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

တရားဝင်သွားတဲ့ အလုပ်သမားတိုင်းကတော့ ခံစားခွင့်အားလုံးကို တန်းတူခံစားခွင့်ရပါတယ်။ နဂိုကတည်းက ထိုင်းဥပဒေမှာလည်း ရှိပြီးသားပါ။ အလုပ်သမားတွေကို အလုပ်ရုံက အပြီးအပိုင်ပိတ်မသွားဘူးဆိုရင် ဥပမာ အလုပ်ရုံက ခဏရပ်နားတာတို့ ဘာတို့ဆိုရင် အလုပ်ရုံကပေးနေတဲ့ ရာခိုင်နှုန်းအရတို့ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ (၇၅)ရာခိုင်နှုန်းပေးနေတာတို့ ရှိပါတယ်။ ထိုင်းနိုင်ငံသားမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားလည်း ခံစားခွင့်ရှိပါတယ်။ အခုက ရောဂါဖြစ်တဲ့ကိစ္စဆိုတော့ အခြေအနေကတော့ သူတို့ဘက်က ထုတ်ပြန် ကြေညာချက်ကို ကျွန်တော်တို့ဘက်က ကြည့်ရမှာပေါ့နော်။ လိုအပ်ရင်တော့ တောင်းဆိုပေးတာတွေ ဘာတွေလုပ်ရမှာပေါ့

ဟု ချင်းမိုင်အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် နိုင်ငံတွင်း အဝင်အထွက်များကို ကန့်သတ်ပိတ်ပင်နေသည့်အပြင် အချို့မြို့များကို အဝင်အထွက်ကန့်သတ်ပိတ်ပင်ခြင်းတို့လည်း လုပ်ဆောင်ထားရာ မြန်မာလုပ်သားများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသအလိုက် ထုတ်ပြန်ချက်များကို သတိထားလိုက်နာကြရန်နှင့် လိုအပ်ပါက ဆက်သွယ်အကူအညီရယူကြရန် မြန်မာအလုပ်သမားသံအရာရှိက တိုက်တွန်းသည်။

ကိုယ်ဖြစ်တဲ့အခက်အခဲအမျိုးမျိုး ရှိကြတာပေါ့။ နောက်တစ်ချို့ဆိုလည်း ရှမ်းစကားတတ်တာတွေရှိတယ်။ တစ်ချို့ဆိုရင် မတတ်တာတွေရှိတယ်။ ဖြစ်တဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ကို လှမ်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဆွေးနွေးရင် သူ့အခက်အခဲပေါ်မူတည်ပြီး ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးလို့ရရပါတယ်။ အတတ်နိုင်ဆုံးတော့ အလုပ်ဆက်လုပ်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ကျန်းမာရေး ဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်ခံအားကောင်းအောင်လုပ်ပါ။ ကိုယ်ခံအားကောင်းရင်တော့ တော်ရုံတန်ရုံရောဂါကတော့ မဝင်ရောက်နိုင်ပါဘူး။ လူစုလူဝေးထူထပ်တဲ့နေရာတွေ မသွားပါနဲ့။ ထိုင်းနိုင်ငံရဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်၊ ဥပဒေတွေကို လိုက်နာပြီးတော့မှ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းပဲ နေကြပါလို့ အဲဒီလိုမျိုးပဲ မှာချင်ပါတယ်ခင်ဗျ

ဟု ချင်းမိုင်အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အကူအညီလိုအပ်ပါက မြန်မာအလုပ်သမားသံအရာရှိများ၏ ထိုင်းဖုန်းနံပါတ်များဖြစ်ကြသည့် (၀၀၆၆) ၀၉၄၈ ၈၄၅ ၄၈၄၊ (၀၀၆၆) ၀၆၅၂၂၀၆၉၅၂၊ (၀၀၆၆) ၀၉၉၀ ၅၉၂ ၃၅၂၊ (၀၀၆၆) ၀၆၅၂ ၂၀၆ ၉၅၃ နှင့် (၀၀၆၆) ၀၆၅၂ ၂၀၆ ၉၅၁ တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~