နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ပိတ်ထားသည့်အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ခြင်း အပါအဝင် မလိုအပ်ဘဲ အခြားနိုင်ငံများသို့ ခရီးထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းထားသည်။
မလေးရှားနိုင်ငံအတွင်း သွားလာမှုကို မတ်လ (၁၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကန့်သတ်မည့်အပြင် နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းနှင့် နိုင်ငံသို့ ပြန်ဝင်လာသည့် မလေးရှားနိုင်ငံသားများအား (၁၄)ရက်ကြာ နေအိမ်တွင်ကန့်သတ်စောင့်ကြည့်ခြင်းများကို မလေးရှားအစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် ဖေဖေါ်ဝါရီလအတွင်းက ကျင်းပခဲ့သည့် နိုင်ငံတကာမှ ဝတ်ပြုသူအများအပြား တက်ရောက်ခဲ့သည့် ဝတ်ပြုဆုတောင်းပွဲမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများအပြားရှိလာပြီးနောက် မတ်လ (၁၆)ရက်နေ့အထိ ကိုရိုနာအတည်ပြုလူနာ (၅၆၆)ဦးအထိ တိုးလာသဖြင့် နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ခြင်းနှင့် နိုင်ငံတွင်း ဝင်လာသည့် နိုင်ငံသားများအား ကန့်သတ်ခြင်းကို နှစ်ပတ်ကြာဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှားအစိုးရက မတ်လ (၁၆)ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် ဖေဖေါ်ဝါရီလ(၂၇)ရက်နေ့မှ မတ်လ (၁)ရက်နေ့အထိ ကျင်းပခဲ့သည့် ဝတ်ပြုဆုတောင်းပွဲတွင် နိုင်ငံတကာမှ ဝတ်ပြုဆုတောင်းသူပေါင်း (၁၆,၀၀၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါ ဝတ်ပြုဆုတောင်းပွဲတက်ခဲ့သည့် မလေးရှားနိုင်ငံသား (၉၅)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ထားရခြင်းဖြစ်သည်။
အဆိုပါ ဝတ်ပြုဆုတောင်းပွဲတက်ခဲ့သည့် ထိုင်းနိုင်ငံသား (၁၃၂)ဦးကို သီးခြားစောင့်ကြည့်မှု လုပ်ဆောင်နေပြီး ဘရူနိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တက်ရောက်သူများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ထားရကြောင်း သိရသည်။
Tachileik News Agency