သင်္ကြန်မဏ္ဍပ်များအပါအဝင် လူစုလူဝေး အခမ်းအနားများကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားပြီး လိုအပ်ပါက အချိန်ထပ်တိုးမည်
ကိုရိုနာဗိုင်းရပ်စ် (COVID 19)ကြောင့် သင်္ကြန်မဏ္ဍပ်များအပါအဝင် အခမ်းအနားပွဲလမ်းသဘင်များကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ ကျင်းပခွင့် မပြုတော့ဘဲ လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်မည်ဟု နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ်သည် လူစုလူဝေးနေရာများတွင် လျင်မြန်စွာ ကူးစက်စေနိုင်သည့်အတွက် လူစုလူဝေးအခမ်းအနားများအား ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသည့်အတွက် သတင်းမှားများကို မယုံကြည်ကြရန်နှင့် သတိပေး နှိုးဆော်ချက်များကို တိတိကျကျလိုက်နာကြရန် ပြည်သူသို့ ပန်ကြားထားသည်။
Tachileik News Agency