မြန်မာနိုင်ငံတွင် ဆိုက်ရောက်နှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများ ဆိုင်းငံ့လိုက်ပြီး နိုင်ငံ (၁၆)နိုင်ငံမှ လာသူများကို သီးခြားစောင့်ကြည့်မည်
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာများ ထုတ်ပေးခြင်း ဆိုင်းငံ့လိုက်ပြီး နိုင်ငံ (၁၆)နိုင်ငံမှ လာသူများကို (၁၄)ရက် သီးခြားစောင့်ကြည့်မှုအောက်တွင် ထားရှိခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ကစ၍ စတင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများကို မတ်လ (၁၅)ရက်နေ့မှစ၍ ယာယီကန့်သတ်ချက်များ ချမှတ်ထားရာမှ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံများကို ထပ်တိုးလိုက်ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံများမှ လာသည့် နိုင်ငံခြားသား ဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ လေယာဉ်ပေါ် မတက်မီ ကိုယ်အပူချိန် မြင့်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုမဝသည့် လက္ခဏာများ ရှိ၊မရှိ စစ်ဆေးခြင်း ခံယူရမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံမှ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများကို ဧပြီလ (၃၀)ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်သည်။
မြန်မာနယ်စပ်ဂိတ်များတွင် နှစ်နိုင်ငံနယ်စပ်နိုင်ငံများမှ နိုင်ငံသားများမှလွဲ၍ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို မတ်လ (၁၉)ရက်နေ့က စတင်၍ ယာယီပိတ်လိုက်ပြီဖြစ်သည်။
Tachileik News Agency