ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းဘေး လယ်ကွင်းအနီး ဝါးရုံပင်တွင် ကြိုးဆွဲချ သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေပိုင်းက တွေ့ရသဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
မိုင်းကိုးကျေးရွာအုပ်စု၊ မနော်ကျေးရွာနှင့် ပန်ဟတ်ကျေးရွာကြား ကားလမ်းဘေး လယ်ကွင်းအနီးရှိ ဝါးရုံပင်ကြားတွင် ကြိုးဆွဲချသေဆုံးထားသည့် အလောင်းကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ မနော်ကျေးရွာမှ ကျရှော ဆိုသူဖြစ်ကြောင်း၎င်း၏ ဦးလေးတော်စပ်သူက အတည်ပြုထားကြောင်း သိရပြီး၎င်း၏ တူဖြစ်သူ ကျရှောမှာ အရက်အလွန်အကျွံသောက်ကာ နေအိမ်မှ မကြာခဏ ပျောက်သွားလေ့ရှိသည်ဟု ပြောကြားကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးနေသူ၏ ရုပ်လောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက် ကူညီသယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း