ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇူလိုင်လ နှင့် သြဂုတ်လအတွင်း မူးယစ်သောက်စားကာ ဓါးကိုင် သောင်းကျန်းသူ (၅)ဦး ရှိလာပြီး ၎င်းတို့အား လက်နက်ပုဒ်မဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါ (၂)လတာ ကာလအတွင်း (၅)ဦးမြောက်အဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၈)နာရီအချိန်က ကျိုင်းတုံမြို့ လုပ်သားရွာတွင် အရက်မူးပြီး ဓားကိုင်ရမ်းကားနေသည့် လူငယ်တစ်ဦးကို အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ်(၃)နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည့် လက်နက်ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာအနီးတွင် အရက်မူးပြီး ဓားရှည် တစ်လက်ကိုင်၍ အော်ဟစ် ဆဲဆို ရမ်းကားနေသည့် အသက်(၂၅)နှစ် အရွယ် ပြည့်ဖြိုးဟန် (ခ) အသဲကို ကျိုင်းတုံမြို့မ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့်အဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၂၄/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉ (င)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညိုရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်က အရက်မူးပြီး ဓားကိုင်ရမ်းကားနေသူတစ်ဦး၊ ရပ်ကွက်(၁)၊ ဟိုနောင်ဆင်ရွာလမ်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်တွင် အရက်မူးပြီး ဓားကိုင်ရမ်းကား နေသူတစ်ဦး၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး(လမ်းခွဲ)ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ အကူး နံနက် (၁)နာရီမထိုးမီက အရက်မူးပြီး ဓားကိုင်ရမ်းကားသူ တစ်ဦး နှင့် မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး (ရှမ်းရွာ)သွားလမ်းတွင် ဇူလိုင်လ(၂၂)ရက်နေ့ အကူးနံနက်(၁)နာရီ မထိုးမီအချိန်၌ အရက်မူးကာ သောင်းကျန်းနေသည့် လူငယ် တစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)