မြန်မာ - တရုတ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးတွင် တန်ပိုယာဉ်များ ဖြတ်သန်းမှုကို ခွင့်မပြုတော့ဘဲ အရေး ယူသွားတော့မည် ဖြစ်ကြောင်း သိရသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်း မြို့(၈)မြို့အား ဖြတ်သန်းသွားလာနေသည့် ပြည်ထောင်စု လမ်းမကြီးအား အာဆီယံလမ်း အဆင့်မြှင့်တင်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးထံမှ သိရသည်။
“ဂုတ်တွင်းလမ်းကို ဖြေရှင်းနိုင်ရေးအတွက် အရှည် (၁၃) မိုင်ရှိတဲ့ နောင်ချိုမြို့ရှောင်ကွင်းလမ်းနှင့် အရှည် (၂,၈၅၅) ပေရှိတဲ့ ဂုတ်တွင်းတံတားသစ် တည်ဆောက်နိုင်ရေးကို မြေယာနှင့် အခြားသီးနှံကိစ္စများ ပြီးပြတ်သွားတဲ့ အချိန်မှာတော့ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကွတ်ခိုင်- နမ့်ဖက်ကာလမ်းကို ပြင်ဆင်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် မိုးရာသီမတိုင်မီမှာ ပြီးစီးအောင် ရည်မှန်းချက် ထား ထားပါတယ်။ နှစ်အလိုက် စီမံချက်များဖြင့် (၄၈) ပေအကျယ် (၄)လမ်းသွား နိုင်လွန် ကတ္တရာ အာရ်စီလမ်း ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် လျာထားကြောင်း တန်ပိုယာဉ်တင်ဆောင်မှု တားဆီးနိုင်ရေး အတွက် ဧပြီလ (၁) ရက်နေ့ မှစ၍ တန်ပိုယာဉ်များဖြတ်သန်းခွင့် မပြုကြောင်းနှင့် ဖြတ်သန်း သွားလာပါက လမ်းမကြီးများ ဥပဒေအရ အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆိုင်းဘုတ်ကြီးများနဲ့ လက်ကမ်းစာစောင်တွင် အသိပေးဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်”ဟု ဦးခွန်ရဲထွေးက ပြောသည်။
အဆိုပါ ကုန်သွယ်ရေးလမ်းတွင် လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ကုန်စည် ကူးသန်းရောင်းဝယ်မှု မြန်ဆန်စေရေး အတွက် မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးစိုင်းကျော်သိန်းက လွှတ်တော်တွင် မေးမြန်းသွားခြင်းဖြစ်သည်။
“လမ်းတွေကို ရှင်းလင်းတဲ့ တာဝန်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက လမ်းရှင်းလင်းမှုတွေ တော်တော်အား နည်းနေတာကို တွေ့ရပါတယ်။ လမ်းဖြတ်သန်းနေတဲ့ မြို့နယ်(၈)မြို့နယ်ဟာ လူဦးရေ သန်းနဲ့ချီပြီး နေ့စဉ်ဖြတ် သန်းနေတဲ့ လမ်းဖြစ်ပါတယ်။ လမ်းမှာဖြစ်နေတဲ့ ပြဿနာက လမ်းကျဉ်းခြင်း၊ ယာဉ်စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကို တွေ့ရှိရပါတယ်။ လမ်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီကလည်း လမ်းကိုပြုလုပ်တဲ့ လုပ်ဆောင်ချက်နေရာမှာ ထိထိရောက်ရောက် ဆောင်ရွက်နခြေင်း မရှိတာကို ကျွန်တော်တို့ ကွင်းဆင်းလေ့လာချိန်မှာ တွေ့ရှိပါတယ်။ ယာဉ်မောင်း တွေကိုလည်း လမ်းစည်းကမ်းမရှိလို့ လမ်းပိတ်ရတာကို ယာဉ်စည်းကမ်းနဲ့ အညီ ကြီးကြပ်အရေးယူမှုမရှိတဲ့ အားနည်းချက်တွေကိုလည်းတွေ့ ရပါတယ်။ လမ်းပိတ်ဆို့မှုဖြစ်တာက နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ ကျေးရွာတစ်လျှောက်မှာ ပိတ်ဆို့နေတဲ့ အတွက်ကြောင့် ဒေသခံတွေ သွားလာမှု အနေအထား အခက်တွေ့ပါ တယ်။ ဒါကြောင့် မြို့နယ် (၈)မြို့နယ်သွားလမ်းအား ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု မြန်ဆန်စေရေးအတွက် မည်သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း “ မေးမြန်းသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါလမ်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့် နှစ်ပတ်တွင် စီးပွားကူးသန်းဝန်ကြီးမှ ထုတ်ပြန် ထားသည်မှာ ကုန်သွယ်မှု အရ ဒေါ်လာ သန်း ( ၅၀၀ ) နီးပါး လျော့ကျလာကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်ရေးလမ်းတွင် နေ့စဉ် ဖြတ်သန်းသွားလာသော ယာဉ်စီးရေလျင်မြန်စွာ တိုးတက် များပြားလာခြင်း၊ သတ်မှတ်ချက်ထက် ကုန်များသယ်ဆောင်ခြင်း၊ ယာဉ်မောင်းများကျွမ်းကျင်မှု အားနည်းခြင်း၊ လက်နက်ကိုင်များကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ်နခြေင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လမ်းပိတ်ဆို့မှုကို အလျင်အမြန် ဖြေရှင်းနိုင်ရေးအတွက်၂၅ တန် နှင့် တန် ၅၀ ကရိန်းများ ကို ၂၄ နာရီ အဆင်သင့် ထားရှိပြီး ယာဉ်ထိန်းတပ်ဖွဲ့ နယ်မြေခံ ရဲတပ်ဖွဲ့များ၊ အရန်မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ပါက နောင်ချို တိုးဂိတ် နှင့် ချယ်ရီအက်ဖ်အမ်၊ မန်းလေး အက်ဖ်အမ်တို့မှ အချိန် နှင့်တစ်ပြေးညီ အသိပေးကြေညာပေးခြင်း၊ တိုးဂိတ်များမှ လက်ကမ်းစာစောင်ဖြနေ့်ဝပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - နိုနို