“ဒီကနေ့တွေ့ဆုံပွဲက အစိုးရ၊ ပါတီ၊ လွှတ်တော်တွေရဲ့ ထိတွေ့မှုဟာ ပိုမိုပြီးတော့ နီးစပ်ဖို့ရယ်၊ တစ်ဦးနဲ့တစ်ဦး ပိုမိုချိတ်ဆက်မှု အားကောင်းအောင် ဖြစ်ပါတယ်” ဟု NLD ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်အဆင့် ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ပါတီဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် စုစုပေါင်း လူဦးရေ (၁၆၀) တက်ရောက်ကြသည့် ပါတီတွင်း မိသားစု တွေ့ဆုံပွဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့ပွဲကတော့ ကျွန်တော်တို့ဗဟိုက ဦးဝင်းထိန်နဲ့ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဥက္ကဌ၊ အတွင်းရေးမှူးတွေ တွေ့ဆုံပွဲရှိတယ် ဆိုပြီး ဖုန်းနဲ့ လှမ်းဖိတ်လို့ တက်လာတာပါ”ဟု နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးနေဇော်နိုင်က ပြောသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အတွင်း မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ပြည်နယ် ဥက္ကဌနှင့် အတွင်းရေးမှူး (၂) ဦးစီကို ကန့်သတ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို