ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့လယ်ရှိ တက္ကသိုလ်ဓာတ်ပုံဆိုင်ရှေ့ တွင် မတ်လ(၈)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးအား လူတစ်ဦးမှ ဓားဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းယူသွားမှု ဖြစ်ပွားကြောင်း အဆိုပါ လုယက်ခံရသူထံမှ သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ : LNL
"ဒီနေ့ တက္ကသိုလ်ဓာတ်ပုံတိုက်မှာ ဓာတ်ပုံယူပြီး ဆိုင်က ထွက်လာပြီးတော့ ကားပေါ်ပြန်တက်ဖို့ ကားတံခါး ဖွင့်တဲ့ အချိန်မှာ လူတစ်ယောက်က ရှေ့ကို ရောက်လာပြီးတော့ သူ့လက်မှာကိုင်ထားတဲ့ ဓားအိမ်ထဲက ဓားကိုထုတ်ပြပြီး ပို်က်ဆံတစ်ထောင်ပေးဖို့ တောင်းတယ်။ ပိုက်ဆံအိတ်ထဲက ပိုက်ဆံ ထုတ်ပြီးတော့ သူ့ကို ပေးလိုက်တဲ့ အချိန်မှာ သူက ပို်က်ဆံအိတ်ထဲက ပိုက်ဆံတွေ မြင်သွားတော့ ပါသမျှ ပို်က်ဆံ အကုန်ပေးဖို့ ဓားနဲ့ထိုးတော့မယ့် ပုံစံလုပ်ပြပြီးတော့ တောင်းတယ်။ ကြောက်ကြောက်နဲ့ပါတာ အကုန် ပေးလိုက်တယ်"ဟု ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်ကြည်ကြည်ခိုင်က ပြောသည်။
ဓားဖြင့်ခြိမ်းခြောက်ငွေတောင်းသည့် အတွက် ရန်မူမည်ကို စိုးရိမ်သဖြင့် အနီးပတ်ဝန်းကျင်ရှိလူများကို အသိပေး အကူအညီ မတောင်းမိဘဲ ပိုက်ဆံအိတ်အတွင်းပါသည့် ကျပ်ငါးသောင်းခန့်ကို ထုတ်ပေးကာ ကားအနောက်တွင် ပုန်းနေခဲ့ပြီး ဓားဖြင့် ခြိမ်းခြောက်သူ ထွက်သွားသည့် အချိန်မှ ကားပေါ်ပြန်တက်၍ ကားထဲမှ ဓာတ်ပုံသာ ရိုက်ခဲ့ကြောင်း၎င်းထံမှ သိရသည်။
"ဟိုတစ်ခေါက် မမေ့နိုင်စားသောက်ဆိုင်မှာ သူငယ်ချင်းနဲ့ ထိုင်နေတုန်းကလည်း အဲဒီတစ်ယောက်ပဲ။ အခုလို ပုံစံ လာလုပ်သွားသေးတယ်။ အဲဒီတုန်းကလည်း ဓားနဲ့ပဲ။ ဒါနဲ့ဆို နှစ်ခေါက်ရှိသွားပြီ။ သူ့အသက် (၂၉)လောက်ပဲ ရှိအုံးမယ်။ နည်းနည်း သန့်သန့်လေးပဲ။ ထင်တာတော့ ဆေးကြောင်နေတယ်လို့ပဲ ထင်တယ်။ အရက်သောက်ထားတဲ့ ပုံတော့ မပေါ်ဘူး။ ဒီကိစ္စကိုတော့ ရဲကိုတော့ မတိုင်ထားဘူး။ တိုင်ရင် သက်သေတွေ ဘာတွေက လိုမယ် ထင်တယ်။ ဒါပေမယ့် ကိုယ့်ဆီမှာက သက်သေဆိုလို့ နောက်ကနေ ရိုက်ထားတဲ့ ဓာတ်ပုံပဲ ရှိတော့ မတိုင်ထားဘူး။ ဖြစ်နိုင်ရင်တော့ ဒီလူကို အမြန်ဆုံး ဖမ်းပေးစေချင်ပါတယ်။ အခုတောင် ဒီလို အတင့်ရဲပြီး လုပ်နေတာ နောက်ဆိုရင် ဒီထက်ဆိုးတာတွေလည်း ဖြစ်လာနိုင်သလို ကျွန်မတစ်ယောက်ထဲ ကိုတောင် နှစ်ခါတောင် ကြုံလိုက်ရပြီဆိုတော့ နောက်တစ်ကြိမ် ထပ်ဖြစ်လာမှာကို ကြောက်တာပေါ့"ဟု ဒေါ်ကြည်ကြည်ခိုင်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသည့်အပြင် အလားတူ ဖြစ်ရပ်မျိုး တိုင်ကြားခြင်းများလည်း မရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို လာပြီး တို်င်တန်းတာလည်း မရှိပါဘူး။ ဒီနယ်မြေမှာတော့ ဒီလိုကိစ္စတွေက တစ်ခါမှ မဖြစ်ဖူးပါဘူး။ ပြီးရင် အဲဒီနေရာက လူသွားလူလာ အရမ်းများတဲ့ နေရာလေ။ ဒီလို နေရာမှာ ဒီလိုဖြစ်ခဲ့တယ် ဆိုရင်တော့ မြို့လုံခြုံမှုကို ပိုပြီး ဂရုစိုက်ရမယ့် အခြေအနေမှာ ရှိပါတယ်"ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ကျိုင်းတုံမြို့သည် ကမ္ဘာလှည့် ခရီးသွားများ အပါအဝင် ခရီးသွားများ လာရောက် လည်ပတ်လေ့ ရှိသည့်မြို့ ဖြစ်သဖြင့် တိုင်ကြားမှု မရှိသော်လည်း မြို့လုံခြုံရေးအား တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
"ကျွန်တော်တို့ မြို့မှာ ဒါမျိုးအရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီလို ဖြစ်လာတော့ အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်ရပါတယ်။ အခုတလော ဆေးကြောင်တဲ့ လူတွေကလည်း များလာတော့ ပိုကြောက်ရတာပေါ့။ ဒါကြောင့် ဒီလို မြို့လယ်မှာ အတင့်ရဲပြီး လုပ်သွားတဲ့ လူကို ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံး ဖမ်းသင့်ပါတယ်"ဟု ကျိုင်းတုံမြို့ခံ ဦးအောင်ကျော်ဝင်းက ပြောသည်။
ကျိုင်းတုံမြို့တွင် ညပိုင်းအချိန် လမ်းမီးများလည်း မရှိသည့်အတွက် ဒုစရိုက်မှုများ ဖြစ်မည်ကိုလည်း မြို့ခံများက စိုးရိမ်ကြကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ : LNL