ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မယ်လိတ်ကျေးရွာအရှေ့ဘက်ရှိ သရက်ခြံတွင် မတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီကျော်က အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး နေကြောင်း သိရသည်။
သေဆုံးသူမှာ ကျိုင်းတုံမြို့ နွဲနောရပ်ကွက်နေ အသက်(၄၀)နှစ်ရှိ ဦးရှီးမွန်ဖြစ်ပြီး၎င်းသည် ၂၀၁၆ခုနှစ် အတွင်းက တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံအဆင်းတွင် နေစရာမရှိ၍ တာချီလိတ်နာရေးကူညီမှုအသင်း၏ ဂီလာနရိပ်သာတွင်လည်း (၁)လခန့် စောင့်ရှောက်ခံအဖြစ် နေခဲ့ဖူးသူဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း