“ဝ “စစ်သားစုဆောင်းခံရ၍ မိုင်းဖြတ်သို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု(၃)စုအား ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ပေး

ဖေဖော်ဝါရီ 8, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် ဟိုတောင်းဒေသတွင် “ဝ”စစ်သားစုဆောင်းခြင်းခံရ၍ မိုင်းဖြတ် မြို့နယ်သို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု(၃)စုမှ မိသားစုဝင် (၁၆)ဦးအား လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့မှ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးထားကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအား လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဒါဝိဒ်နှင့်အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့များ၊ ပြည်သူ့စစ်များမှအဖွဲ့များနှင့်အတူ ဖေဖော်ဝါရီ (၇)ရက် နံနက် ၁၀ နာရီခွဲက မိုင်းဖြတ်မြို့နယ်၊ လန်းဆတ်အုပ်စု၊ ပါခယ်ကျေးရွာသို့ လိုက်ပါပို့ဆောင်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလို ကျွန်တော်တို့ရဲ့ မိသားစုဘဝ အခက်အခဲ၊ အကျပ်အတည်းများကို စောင့်ရှောက်ကူညီ ဆောင်ရွက်ပေးတဲ့ အတွက် များစွာ ကျေးဇူးတင်ရှိပါတယ်။ ရွာသူရွာသားများနဲ့ စည်းလုံးညီညွှတ်စွာ ပေါင်းသင်း နေထိုင်နိုင်ရေးအတွက် လမ်းညွှန်မှာ ကြားချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်ပါ့မယ်။  မိမိတို့ရဲ့ မိသားစုဘဝကိုလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမယ်။ အုပ်စုအုပ်ချုပ် ရေးမှူးနှင့် ရွာသူကြီးတို့၏ အုပ်ချုပ်စီမံမှာကြားမှုကိုလည်း အလေးထားလိုက်နာပြီး ရွာသူ၊ ရွာသားများနဲ့ ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားပါမယ်”ဟု “ဝ” စစ်သားစုဆောင်းခြင်းခံရ၍ တိမ်းရှောင်လာသည် အိမ်ထောင်စုများက ပြောသည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခမ်းပျဲန်း၊ ပါခယ်ကျေးရွာ ရွာသူကြီး ဦးအားဂူ တို့ကလည်း “ဝ” စစ်သား စုဆောင်းခြင်းခံရ၍ တိမ်းရှောင်လာသည် အိမ်ထောင်စု(၃)စု၏ နေထိုင်လုပ်ကိုင်စားသောက်ရေး၊ လုံခြုံရေး အဆင်ပြေမှုရှိစေရန်၊ အချင်းချင်းအပြန်အလှန်လေးစားမှုရှိပြီး စည်းလုံးညီညွှတ်စွာ နေထိုင်နိုင်ရေး နှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ရှောလမွန်
ဓာတ်ပုံ - သန်းထွန်းအေး(ပြန်/ဆက်)

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~