ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီအသစ်အရေအတွက်မှာ ဇန်နဝါရီလကုန်တွင် (၁၅၀)အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရသည်။
“ရှမ်းတစ်ပြည်လုံးအနေနဲ့ဆို မှတ်ပုံတင်အသစ်လာတင်တာကတော့ တစ်လပိုင်းအကုန်အထိဆိုရင် ၁၅၀ ရှိတယ်။ တောင်ကြီးအနေနဲ့ဆိုရင်တော့ (၇)ခုလောက်ရှိပါတယ်။ အသစ်လာတင်တာက အခုနောက်ပိုင်း ဖြေလျော့မှု အနေနဲ့ဆိုတော့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်မိတ္တူပဲပါလာရင် ဒီမှာအမည်ထုတ်ပေးတယ်။ အဲဒါရရင်တော့ ကျန်တဲ့အပိုင်း သူတို့ဆက်လုပ်လို့ရပြီ။ တိုင်းနဲ့ ပြည်နယ်အားလုံး ရင်နှီးမြှုပ်နှံမှုတွေတိုးလာဖို့ အတွက် ဒီလိုလုပ်ပေးရခြင်းဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဦးလေးနိုင် က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ဌာနဆိုင်ရာအသီးသီး၏ ရက်(၁၀၀)စီမံချက်ကာလကတည်းက ကုမ္ပဏီများမှတ်ပုံတင်ကြေး ကျပ် (၁၀)သိန်းအစား ကျပ်(၅)သိန်းလျှော့ချခြင်း အပါအဝင် ဖြေလျှော့မှုများစွာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ရက် (၁၀၀ )စီမံချက်ကတည်းက မှတ်ပုံတင်ကြေးကို ထက်ဝက်လျှော့ထားတာပါ။ အခုက ကျပ် ငါးသိန်း၊ အရင်က ကျပ်ဆယ်သိန်းပါ။ ဖြေလျှော့မှုတွေက အများကြီးလုပ်ပေးထားတယ်။ အခုချိန်မှာတော့ အဆိုပြု ဒါရိုက်တာရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပါလို့ရှိရင် ရပါပြီ။ လက်ရှိ ဥပဒေအရတော့ အနည်းဆုံး ဒါရိုက်တာ ၂ ယောက် အထက်နဲ့ လုပ်ရပါမယ်။ နောက်လာမယ့် ဥပဒေကျရင် အဆိုပြု ဒါရိုက်တာ တစ်ယောက်ထဲနဲ့ သွားမှာပါ။ အဲဒါကတော့ အခုမှကျွန်တော်တို့ မူကြမ်းအဆင့်ပဲရှိသေးတယ်။ အဲဒီဥပဒေထဲမှာ ဆိုရင်တော့ ပြည်ထောင်စုဝန်ကြီးကပါ အရေးယူခွင့်အာဏာတွေ ပါလာမှာပါ။ မူကြမ်းပြီးရင်တော့ လွှတ်တော်မှာ တင်သွင်းမှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဦးလေးနိုင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၏ ရုံးခွဲစတင်ဖွင့်လှစ်သည့်၂၀၁၄ ခုနှစ် မတိုင်မီ မှတ်ပုံတင်ထားသည့်ကုမ္ပဏီပေါင်း (၂၇၀၀) ကျော်ရှိပြီး ၂၀၁၄ ခုနှစ်မှစ၍ ထပ်တိုးခွင့် ပြုထားသည့် ကုမ္ပဏီ (၂၄၈)ခုရှိကြောင်း သိရသည်။
သတင်း - နိုနို