မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတားနှစ်စင်းမှ ဘီးခွန် ကောက် လုပ်ငန်းအား ယခင်နှစ်လေလံဈေးထက် (၅)ရာခိုင်နှုန်းတိုးမြှင့်ကာ ကျပ်သိန်းပေါင်း (၂၃၀၀)ကျော်ဖြင့် ကြမ်းခင်းဈေးဖွင့်လှစ်လိုက်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အဆိုပါ တံတားနှစ်စင်းအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က ဘီးခွန်လေလံကြမ်းခင်းဈေးအဖြစ် ကျပ်သိန်းပေါင်း (၃၁၀၀)ကျော်ဖြင့် ဖွင့်ခဲ့သော်လည်း သုံးကြိမ်လေလံတင်သည်အထိ လေလံဆွဲ ဝယ်သူမရှိ၍ အခြားနည်း အသုံးပြုကာ ကျပ်သိန်း (၂၂၁၅)ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
"မနှစ်က ရောင်းချလိုက်တဲ့ဈေးနှုန်းပေါ်မှာ မူတည်ပြီး သတ်မှတ်ညွှန်ကြားချက်အတိုင်း (၅)ရာခိုင်နှုန်း တိုးမြှင့်ပြီးတော့ ကြမ်းခင်းဈေးသတ်မှတ်ထားတာပါ။ လျှောက်လွှာပိတ်ရက်က ဒီလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တံတားနှစ်စင်း၏ ဘီးကောက်လေလံမှာ ကျပ်သိန်းပေါင်းရာဂဏန်းဖြင့်သာ ရှိနေခဲ့ရာမှ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်လေလံမှစ၍ ကျပ်သိန်းပေါင်း ထောင်ဂဏန်းသို့ ရောက်လာခြင်းဖြစ်သည်။
" လေလံဈေးနှုန်းသဘောက ဒီနှစ်မှာ ဒီဈေးဆို နောက်နှစ်ဆို ဒီဈေးထက် ၅ ရာခိုင်နှုန်း ပိုသွားတယ်လေ။ လေလံဆွဲကြတာ ဆွဲကြတာပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သင့်လျော်တဲ့ဈေးနှုန်းကို တွက်တတ်ရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် ဈေးနှုန်းအများကြီးနဲ့ လေလံဆွဲပြီး ဖြတ်သန်းခတွေ ကောက်တဲ့အခါ ပြည်သူနဲ့ အဆင်မပြေရင် မကောင်းဘူးလေ"ဟု ဒေသခံတစ်ဦး ဖြစ်သည့် ဦးခင်မောင်လှက ပြောသည်။
အဆိုပါ လေလံရောင်းချမှုကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လျှောက်လွှာများကို ဇန်နဝါရီလ(၃၁)ရက်တွင် နောက်ဆုံးတင်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က တံတားနှစ်စင်း၏ ဘီးကောက်လိုင်စင်လေလံကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း (၉၇၉)အား ကျပ်သိန်းပေါင်း(၂,၉၅၅)ဖြင့် လေလံအောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတံတားနှစ်စင်းမှ ဘီးခွန်ကောက်ခံနေသည့် နှုန်းထားများမှာ ဆိုင်ကယ် (၂၀၀) ကျပ်၊ ယာဉ်ငယ် (၃၀၀) ကျပ်၊ ယာဉ်လတ် (၅၀၀) ကျပ်၊ ယာဉ်ကြီး (၃တန်အထက် ) (၇၀၀)ကျပ်နှင့် ယာဉ်ကြီး(တန်ပို) (၃၀၀၀) ကျပ် အသီးသီးဖြစ်ကြောင်းနှင့် အဆိုပါ ဈေးနှုန်းများကို စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုေဇာင်း