ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းနှင့် မိုင်းယုမြို့အတွင်းရှိ ကျေးရွာများနေ ပြည်သူများအား ယာဉ်/လမ်းစည်ကမ်း သိရှိနားလည်စေရေးနှင့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးမှုအဖြစ် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သွားရောက်၍ ဆောင်ရွက်ပေးရာ ယာဉ်မောင်းလိုင်စင်ပေါင်း (၅၅၉၀)ခုအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် နှင့် စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ် အပါအဝင် တာဝန်ရှိသူများက ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ သွားရောက်၍ ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ သင်တန်းပို့ချပေးခြင်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့မှ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာအုပ်စုနှင့် ဝမ်ဘိုးကျေးရွာအုပ်စု အပြင် မိုင်းယောင်မြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက် နှင့် မိုင်းယုမြို့တို့တွင်လည်း ယာဉ်မောင် လိုင်စင်များအား စိစစ်၍ ထုတ်ပေးရာတွင် ယာဉ်မောင်းလိုင်စင် စုစုပေါင်း (၅၅၉၀)ခုရှိကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။