ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း လမ်းများတိုးချဲ့နေရာ လမ်းဘေး တလျှောက်မှ မလွတ်သည့် နေရာများအား ဖျက်ရန်လိုအပ်သဖြင့် ပြည်သူများ၏ ပူးပေါင်းကူညီမှုလိုအပ်သည်ဟု စည်ပင်သာယာရေး ဦးစီးဌာနမှ တိုက်တွန်းလိုက်သည်။
"လမ်းကို သတ်မှတ်ထားတဲ့အတိုင်း တိုးချဲ့သွားမှာပါ။ ရေရှည်အတွက် လုပ်တာဖြစ်တဲ့အတွက် လမ်းပေါ်အထိ ရောက်နေတဲ့ အုတ်ခုံတွေနဲ့ ကားဝင်ထွက်ဖို့ အခိုင်အမာ လုပ်ထားတာတွေကိုလည်း ဖျက်သွားမှာပါ။ အသိလည်း ပေးပြီးသားဖြစ်ပါတယ်၊ ဒီလို လမ်းတိုးချဲ့ရာမှာ ပြည်သူများလည်း ပါဝင်ဖို့လိုပါတယ်၊ "ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၂) ဦးစိုင်းဝန်းလှိုင်းက ပြောသည်။
တာချီလိတ်မြို့တွင်း လမ်းများအား ရွှေတိဂုံဘုရားလမ်းတစ်လျှောက်တိုးချဲ့မှုများကို ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်က စည်ပင်သာယာရေးဌာနမှ စတင်ဆောင်ရွက်လျှက်ရှိပြီး လမ်းအကျယ်အား တပြေးညီချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့တွင်းမှာ ယာဉ်သွား၊ ယာဉ်လာများပြီး လမ်းကျဉ်းနေတာတွေ များနေတယ်။ ချဲ့လည်း ချဲ့သင့်ပါတယ်။ လမ်းချဲ့တဲ့အခါလည်း ကိုယ့်မြို့ကိုယ့်ရွာ အတွက်ဆိုတော့ အိမ်ရှင်များ အနေနဲ့လည်း ပူးပေါင်းပါဝင်သင့်ပါတယ်။ အဲဒီလိုပဲ စည်ပင်ကလည်း တပြေးညီလုပ်ဖို့တော့ လိုတာပေါ့နော်"ဟု ဒေသခံ ဒေါ်နန်းဖြူမြင့်က ဆိုသည်။
လမ်းချဲ့မည့် နေရာများသည် တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်း(ဓမ္မာရုံလမ်း)၊ အ.ထ.က(တာချီလိတ်) ကျောင်းရှေ့မှ အမှတ်(၁)ချစ်ကြည်ရေးတံတား အ၀ိုင်းပတ် အနီးအထိနှင့် နဂါးနှစ်ကောင် ဘုန်းကြီး ကျောင်းရှေ့တို့ ပါဝင်ပြီး လတ်တလောတွင် ရွှေတိဂုံဘုရားလမ်း(ဓမ္မာရုံလမ်း)အား စတင် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
"ကျောင်းဖွင့်ချိန် ကလေးကြို/ပို့တဲ့အခါဆိုရင် ဒီလမ်းနှစ်ဖက်လုံးမှာ ကျောင်းသားမိဘ ဆိုင်ကယ်တွေ နဲ့ ပြည့်နေတော့ လမ်းသွားလမ်းလာအတွက် အခက်အခဲဖြစ်တယ်။ ရေရှည်အတွက် လုပ်တာဖြစ်ပြီး အမှန်တကယ် လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ မလွတ်လည်း ရသလောက် ဖယ်ပေးရမှာပဲ"ဟု အ.ထ.က(တာချီလိတ်)ကျောင်းအနီး ဈေးရောင်းချသူ တစ်ဦးက ဆိုသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ထဲတွင် တာချီလိတ်မြို့တွင်း၌ လမ်းသုံးလမ်းအား တိုးချဲ့မည်ဖြစ်ရာ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ ပေ(၁၅၀၀)အရှည်ရှိသည့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ကို ပလက်ဖောင်း အပါအ၀င် တစ်ဖက်လျှင် (၆)ပေစီ တိုးချဲ့သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။