၂၀၁၆ ဇန်န၀ါရီလတွင် တာချီလိတ်၌ ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများကို ထိရောက်စွာ အရေးယူရန်အတွက် အသိပညာပေးမှုများ အရှိန်ဟုန်မြင့်တင်

၂၀၁၆ ဇန်န၀ါရီလတွင် တာချီလိတ်၌ ယာဉ်/လမ်း စည်းကမ်း ဖောက်ဖျက်သူများကို ထိရောက်စွာ အရေးယူရန်အတွက် အသိပညာပေးမှုများ အရှိန်ဟုန်မြင့်တင်
ဒီဇင်ဘာ 29, 2015
By Tachileik News Agency

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှစ၍ ၂၀၁၅ မော်တော်ယာဉ်ဥပဒေဖြင့် စတင် အရေး ယူတော့မည်ဖြစ်ပြီး လက်ရှိတွင် အသိပညာပေးဆိုင်းဘုတ်များဖြင့် ကြိုတင် အသိပေး ဆောင်ရွက် ထားကြောင်း သိရသည်။

"ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာကိုပဲ ဖောက်ဖျက် ကျူးလွန်သည် ဖြစ်စေ ကျပ်တစ်သောင်း အပိုဒဏ်ငွေဆောင်ရမယ်။ အဲဒီဒဏ်ငွေဟာ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း (အထူး) စီမံဒဏ်ငွေအဖြစ်ပါ..”ဟု တာချီလိတ်ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေသစ်အရ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေသုံးသောင်းကျပ်၊ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း(အထူး)စီမံဒဏ်ငွေအဖြစ် ကျပ်တစ်သောင်းအပါအဝင် စုစုပေါင်း ဒဏ်ငွေကျပ်လေးသောင်း ပေးဆောင်ရမည်ဖြစ်သည်။

"အခု ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်မှာ ဒဏ်ငွေတွေ များများလေး သတ်မှတ်ထားတာကိုတွေ့ရတယ်။ ကျွန်တော်တို့ အထင်တော့ ဒါဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရန်အတွက် ဒဏ်ကြေး မြှင့်လိုက်တာလို့ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာဉ်မောင်းသူများအနေနဲ့ မိမိရဲ့အသက်ကို တန်ဖိုးထားပြီး လိုက်နာလာကြမယ်ဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေ နည်းလာမယ်လို့ ယူဆပါတယ်"ဟု တာချီလိတ်မြို့မှ ဦးကျော်ခင်က ဆိုသည်။

၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ ယာဉ်လိုင်စင်မပါ/မရှိ/သက်တမ်းလွန်ခြင်း၊ ယာဉ်မောင်း လိုင်စင် မပါ/မရှိ/ သက်တမ်းလွန်ခြင်း၊ သတ်မှတ်လိုင်စင်ဖြင့် မမောင်းခြင်း၊ သတ်မှတ်မိုင်နှုန်းထက် အမြန်/ လျှော့မောင်းခြင်းနှင့် အရက်/ မူးယစ်ဆေးဝါး သုံးစွဲမောင်းနှင်ခြင်းတို့အား ထောင်ဒဏ် (၁)လဖြစ်စေ၊ ဒဏ်ငွေ(၅၀၀၀၀)ကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ယင်းအပြင် ခရိုင် ယာဉ်/လမ်း စည်းကမ်းအထူး ဒဏ်ငွေ(၁၀၀၀၀)ကျပ်အပါ အရေးယူနိုင်မည်ဖြစ်သည်။

ယာဉ်နံပါတ်ပြား မထင်မရှားဖြစ်နေခြင်းနှင့် နံပါတ်ပြားအတု တပ်ဆင်ကာ မောင်းနှင်ခြင်းများနှင့် ပတ်သက် ၍ ၂၀၁၅ မော်တော်ယာဉ် ဥပဒေဖြင့် ထောင်ဒဏ် (၃)လဖြစ်စေ၊ ဒဏ်ငွေ တစ်သိန်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ယင်းအပြင် ခရိုင် ယာဉ်/လမ်း စည်းကမ်းအထူးဒဏ်ငွေတစ်သောင်းကျပ်ဖြင့်ပါ အရေးယူနိုင်မည်ဖြစ်သည်။

ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းသော်လည်း မေးသိုင်းကြိုး မတပ်ခြင်း၊ ကုန်ပိုတင်ခြင်း၊ စပယ်ယာလိုင်စင်မရှိခြင်း၊ လူကူးမျဉ်းကြားနေရာတွင် စည်းကမ်း မလိုက်နာခြင်း၊ ဆိုင်ကယ် နောက်ကြည့်မှန် မပါခြင်း နှင့် ဆိုင်ကယ်အိတ်ဇော စက်သံဆူညံစွာ မောင်းနှင်ခြင်းများနှင့် ပတ်သက်၍ ၂၀၁၅ မော်တော်ယာဉ် ဥပဒေဖြင့် ဒဏ်ငွေသုံးသောင်းကျပ်နှင့် ခရိုင် ယာဉ်/လမ်း စည်းကမ်း အထူးဒဏ်ငွေ တစ်သောင်းကျပ်အပါအဝင် ဒဏ်ငွေ ကျပ် လေးသောင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများထံမှ ရရှိသည့်ဒဏ်ကြေးငွေများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အခုလို အသိပညာပေး ဆိုင်းဘုတ် စိုက်ထူတာပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ဦးထုပ်အခမဲ့ဝေတာပဲဖြစ်ဖြစ် လိုအပ်တဲ့ ကုန်ကျမှုတွေကို ပြည်သူတွေရဲ့ ဒဏ်ငွေဖြစ်တဲ့ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း(အထူး)စီမံဒဏ်ငွေထဲက အသုံးပြုတာဖြစ်လို့ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း(အထူး) စီမံဒဏ်ငွေအဖြစ် ကောက်ခံခြင်း ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်၏ အချက်အလက်များ ပါရှိသည့် ဗီနိုင်းဆိုင်းဘုတ်(၃)ခု ကို ဒီဇင်ဘာလ(၂၉)ရက် နံနက်ပိုင်းက မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား၊ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားထိပ် မီးပွိုင့်အနီးနှင့် တာချီလိတ် - ကျိုင်းတုံလမ်း မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်သုံးခုစိုက်ထူရန် ကုန်ကျစရိတ်ကို ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း(အထူး) စီမံဒဏ်ငွေများထဲမှ ထုတ်ယူသုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ် (၃)ခု စိုက်ထူပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကော်မတီ ဥက္ကဌ ဒုရဲမှူးကြီးလှမင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ရာ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့ မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~