"ဝင်း" နဲ့ "ဇော်" အရေး အယူခံအပါအဝင် ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင်ညှိနှိုင်း

"ဝင်း" နဲ့ "ဇော်" အရေး အယူခံအပါအဝင် ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင်ညှိနှိုင်း
ဒီဇင်ဘာ 31, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၄)ရက် နံနက်ပိုင်းက သေဒဏ်ချလိုက်သည့် ကိစ္စအား အယူခံကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ facebook တွင် ဒီဇင်ဘာလ(၃၁)ရက် နံနက်(၁၁)နာရီ (၅၀)မိနစ်အချိန်က အောက်ပါအတိုင်း ရေးသား ဖော်ပြထားရှိသည်။

"ဝင်း" နဲ့ "ဇော်" အရေး အယူခံအပါအဝင် ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင်ညှိနှိုင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့ သံရုံးတာဝန်ရှိသူတွေ၊ သံရုံးက ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ထိုင်းနိုင်ငံရှေ့နေများကောင်စီတို့ဟာ ယမန်နေ့ (၃၀-၁၂-၂၀၁၅ ရက်နေ့) နေ့လည် (၁)နာရီခန့်မှာ ထိုင်းနိုင်ငံရှေ့နေများကောင်စီရုံးမှာ "ဝင်း" နဲ့ "ဇော်" အရေး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

• အယူခံရုံးတင်နိုင်ဖို့အတွက် သက်သေအထောက်အထားတွေ စုစည်းပြီး အမှုတွဲကို အသေးစိတ်ပြန်လည်ဖတ်ရှုလေ့လာ၊ အားနည်းချက်၊ အားသာချက်တွေ ဖော်ထုတ်ပြီး အမှုတွဲပြန်လည်တည်ဆောက်ရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရသတ်မှတ်ထားတဲ့ ရက်ပေါင်း(၃၀)အတွင်းမှ အယူခံဝင်ရန် မဖြစ်နိုင်တဲ့အတွက် သက်တမ်းတိုးပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ (ဒါကို လက်ခံတယ် လို့ အကြမ်းဖျင်း သိရှိရပါတယ်)

• အယူခံဝင်တယ် ဆိုတာမျိုးက တရားခွင်မှာ ရင်ဆိုင်တင်ပြရတာမျိုး မဟုတ်ဘဲ စုစည်းတင်ပြလာတဲ့ အမှုတွဲ၊ အထောက်အထား၊ သက်သေခံချက်တွေကို အယူခံခုံရုံးဖွဲ့ပြီး စာရွက်စာတမ်းအပေါ်မှာ တရားစီရင်ဆုံးဖြတ်ရတာမျိုး ဖြစ်ပါတယ်။

• အမှုနဲ့ သက်ဆိုင်သူတွေ တရားခွင်ကို တက်ရောက်ဖို့ မလိုပေမယ့် အယူခံခုံရုံးအဖွဲ့မှာ အခြား စိစစ်ရမယ့် အမှုတွေ ဘယ်လောက် ရှိနေသလဲ ဆိုတဲ့အနေအထားမှာ မူတည်တဲ့အတွက် အချိန်ကာလအနေနဲ့ (၁)နှစ်ကနေ (၃)နှစ်အထိ ကြန့်ကြာနိုင်ပါတယ်။

• ထိုင်း ရှေ့နေများကောင်စီအနေနဲ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲ-ချမ်းသာမရွေး တရားဥပဒေရေးဆိုင်ရာ အခမဲ့ အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်တဲ့အတွက် မြန်မာအစိုးရကနေ ကုန်ကျစရိတ်တွေ ကျခံပေးဖို့ ကမ်းလှမ်းချက်ကို လက်ခံလို့ မရပါဘူး။ ပုဂ္ဂိုလ်မရွေး၊ အဖွဲ့မရွေး စေတနာအလျောက် လျူဒါန်းတာမျိုးကိုပဲ လက်ခံပေးလို့ ရနိုင်ပါတယ်။

• လက်ရှိ ထိန်းသိမ်းထားတဲ့ "နခွန်စီဌာမာရ" အကျဉ်းထောင်ကနေ ဘန်ကောက်မှာ ရှိတဲ့အကျဉ်းထောင်ကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒါမှလည်း ပုံမှန်သွားရောက် တွေ့ဆုံပြီး လိုအပ်တာတွေ ပံ့ပိုးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

• ထိုင်းရှေ့နေများကောင်စီအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းထားပါတယ်။ တရားရုံးက အမိန့်ချပြီးတဲ့နေ့ကစပြီး လုပ်ငန်းကော်မတီအဖွဲ့ခွဲအနေနဲ့ အချက်အလက်တွေ စပြီး စုဆောင်းနေပြီ ဖြစ်ပါတယ်။ လာမယ့် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာတော့ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့မှာ ဆက်ပြီး တင်ပြဆွေးနွေးကြမှာ ဖြစ်ပါတယ်။

• မြန်မာသံရုံး၊ သံရုံးကဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့ ဒီအမှု စီရင်ချက်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ထိုင်းတရားစီရင်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ထိုင်းရှေ့နေများကောင်စီနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ် ထပ်မံတွေ့ရှိရတဲ့ သက်သေအထောက်အထားတွေ၊ တင်ပြနိုင်ခြင်း မရှိခဲ့တဲ့ အထောက်အထားတွေ ရရှိရင်လည်း ထိုင်းရှေ့နေများကောင်စီကို ပေးအပ်ဖို့ ပြောကြားခဲ့ပါတယ်။

• ထိုင်းရှေ့နေများကောင်စီအနေနဲ့ တရားခွင်မှာ တင်ပြခဲ့သမျှ အားနည်းချက် အားသာချက်တွေကို အသေးစိတ် ပြန်လေ့လာပြီး အမှုမှန် ပေါ်ပေါက်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

"ဝင်း" နဲ့ "ဇော်" အရေး အယူခံအပါအဝင် ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေတွေကို ပြည်သူအများ သိရှိနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~