ဒေသတွင်း ပါတီကြီး(၂)ခုဖြစ်သော ပြည်ခိုင်ဖြိုးပါတီ နှင့် ကျားဖြူပါတီတို့မှ အောက်တိုဘာ(၁)ရက်နေ့တွင် မဲဆွယ်စည်းရုံးရေး စတင်ရာ တာချီလိတ်မြို့ပေါ် ကားလမ်းပေါ်၌ ယာဉ်တန်းများ ထိတ်တိုက် တွေ့ဆုံမှု ဖြစ်ပွားခြင်းကြောင့် လမ်းများ ခေတ္တခဏ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
"ပါတီ(၂)ခုလုံးက ကားတွေ အများကြီးဘဲ စာသင်ကျောင်းရှေ့မှာ ထိတ်တိုက်တွေ့ပြီး တစ်ဖက်နဲ့တစ်ဖက် အပြိုင်အော်နေကြတာ လမ်းတွေ မိနစ်(၂၀)လောက် ပိတ်သွားတယ်.."ဟု တာချီလိတ်မြို့ဒေသခံ ကိုဇေယျာအောင်မှ ပြောသည်။
အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် ပြည်ခိုင်ဖြိုးပါတီမှ မော်တော်ယာဉ်(၄၁)စီးနှင့် လူအင်အား (၂၀၀)ခန့်ဖြင့် တာချီလိတ်မြို့တွင် လှည့်လည်မဲဆွယ်စည်းရုံးခဲ့ပြီး ကျားဖြူ(SNDP)ပါတီမှလည်း ကားအစီးရေ(၁၂၇)စီးခန့်ဖြင့် မြို့တွင်း လှည့်လည်စဉ် ထိတ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့ ဒီနေ့ တာချီလိတ်မြို့ထဲကနေ မိုင်းဖုန်း(က)(ခ)အထိ လှည့်လည်ပါတယ်၊ ကားအစီး (၁၂၇)ဦး နဲ့ ပါတီဝင် ဦးရေ (၁၅၀၇)ဦးနဲ့ပါ၊ နက်ဖြန်မှာ ပါလျှိုး/ကျိုင်းလပ်အထိ သွားပြီး လှည့်လည်မှာပါ.."ဟု ကျားဖြူပါတီမှ ရှမ်းအရှေ့ (၉)မြို့နယ် တာဝန်ခံ ဒေါ်နန်းငွေမြမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ကျွန်တော်တို့ ပါတီက ကားတွေနဲ့ ရုံးကထွက်ပြီး ချစ်ကြည်ရေးတံတားထိပ်ကနေ မြို့ပြင် အထိ မဲဆွယ်စည်းရုံးခဲ့ပါတယ်.."ဟု USDP ပါတီဝင်တစ်ဦးမှ ပြောသည်။
"အခုလိုမျိုး လမ်းပိတ်ဆို့မှုတွေ နောက်နောင်မဖြစ်အောင်လို့ လာမဲ့ အစည်းအဝေးတွေမှာ ကျွန်တော်တို့ ကော်မရှင်တွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေကို မေတ္တာရပ်ခံပြီး ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပါ.."ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးထိန်မင်းမှ ပြောသည်။
ယခုကဲ့သို့ ပါတီကြီးနှစ်ခု၏ တစ်နေ့တည်း လူအင်အားများစွာဖြင့် ကြီးမားစွာ မဲဆွယ်စည်းရုံးမှုသည် မတော်တဆ တိုက်ဆိုင်မှုသာ ဖြစ်မည်ဟု ထင်မှတ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မြေအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦး တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
Photo: Ying Hang Tai | Khit Kabar