အမျိုးသားများထဲတွင် မြန်မာနိုင်ငံ၌ အသက်အကြီးဆုံး အဘိုးအိုအဖြစ် တာချီလိတ်မြို့မှ အသက် (၁၁၈)နှစ်ရှိ အဖိုးအိုအား အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကို ယနေ့ အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ၂၀၁၅ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေး ဗဟိုကော်မတီမှ ထောက်ပံ့ပေးအပ်မှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် လူမှုဝန်ထမ်းဝန်ထမ်းများ၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကာ ထောက်ပံ့ငွေနှင့် အာဟာရတို့ကို ပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်။
"တာချီလိတ်မြို့နယ် ဆန်ဆိုင်း(က)ရပ်ကွက်မှာရှိတဲ့ အဖိုး ဦးအိုက်ခမ်း ဆိုရင် မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး အဖိုးဖြစ်ပါတယ်။ အသက်(၁၁၈)နှစ်ပေါ့၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး အဖွားဟာဆိုရင် မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ရှိတဲ့ ဒေါ်မြကြီးပါ၊ အဖွားဒေါ်မြကြီးဟာ အသက်က (၁၂၄)နှစ် ရှိပါတယ်.."ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ "လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ၂၀၁၅ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေး ဗဟိုကော်မတီက မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး အဖိုးနဲ့အဖွားတွေကို တစ်ဦးကို ကျပ်(၁၀)သိန်းစီ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက် ရှင်းပြသည်။
အသက်(၁၁၈)နှစ်ရှိ အဖိုး ဦးအိုက်ခမ်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်အမှတ် ( ၅/၅၂ )တွင် နေထိုင်သူဖြစ်ပြီး သားသမီး (၅)ဦးရှိကြောင်း၊ မြေးမြစ် စုစုပေါင်း (၂၀)ကျော်ရှိကြောင်း နှင့် ၎င်းသည် နားအနည်းငယ် မကြားခြင်းမှလွဲ၍ လှုပ်ရှားသွားလာနိုင်သူဖြစ်ကြောင်း သိရသည်။
အသက်(၁၁၈)နှစ်ရှိ အဖိုး ဦးအိုက်ခမ်းသည် ၁၉၉၈ခုနှစ် ဇွန်လ(၃)ရက်နေ့က အသက်(၁၀၀)တိတိပြည့်ခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း ခံရသူ ဖြစ်ကြောင်း သိရှိရသည်။