တာချီလိတ် ပညာရေး ဖောင်ဒေးရှင်းတွင် ပညာသင်စရိတ် လျှောက်ထားနိုင်

တာချီလိတ် ပညာရေး ဖောင်ဒေးရှင်းတွင် ပညာသင်စရိတ် လျှောက်ထားနိုင်
အောက်တိုဘာ 5, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ပညာထူးချွန်သော်လည်း ဆင်းရဲနွမ်းပါးသော ကလေးငယ်များ ပညာရေး အဆက်မပြတ်စေရန် ရည်ရွယ်၍ တည်ထောင်ထားသော တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်စရိတ် လျှောက်ထားနိုင်ကြောင်း အောက်တိုဘာ(၄)ရက်နေ့ ညနေပိုင်းက သတ္တုလုပ်ငန်းရှင်များရုံးတွင် ကျင်းပသော အဆိုပါ ဖောင်ဒေးရှင်း လပတ်အစည်းအဝေးမှ သိရသည်။

"ပညာသင် စရိတ်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူထဲမှာ တက္ကသိုလ်ဝင်တန်းဆို တစ်ဦးကို
ကျပ်(၆၀,၀၀၀)၊ အထက်တန်းနှင့် အလယ်တန်းဆိုရင် တစ်ဦးကိုကျပ် (၅၀,၀၀၀)ထောက်ပံ့ပြီး မူလတန်းဆိုရင် တစ်ဦးကျပ်(၂၀,၀၀၀)ထောက်ပံ့ ပေးသွားမှာပါ.."ဟု ပညာရေးဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ဦးတင့်ဆွေမှပြောသည်။

တာချီလိတ် ပညာရေးဖောင်ဒေးရှင်းတွင် အဖွဲ့ဝင်အင်အား (၄၀)ခန့်ရှိကြောင်း အဖွဲ့ဝင် တစ်ဦးလျှင် တစ်လ ကျပ်(၁၀,၀၀၀)နှုန်းဖြင့် ထည့်ဝင်လှူဒါန်းမှုနှင့် မြို့ခံများ၏ ထည့်ဝင်လှူဒါန်းမှုကြောင့် ကျပ်သိန်း(၁၀၀)ကျော် ရရှိထားပြီး ဘဏ်စာရင်းတွင် အပ်နှံထားကြောင်း ၎င်းထံမှသိရသည်။

"ထူးချွန်ပြီး တကယ် ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အဓိကထားပြီး ထောက်ပံ့သွားမှာပါ၊ လျှောက်လွှာ လာတင်တဲ့ သူတွေကို ကျွန်မတို့ စိစစ်ရေးအဖွဲ့မှ စိစစ်ပြီး ပေးသင့်ပေးထိုက်တဲ့ ကလေးကို ပညာသင်စရိတ် ထောက်ပံ့မှာပါ.."ဟု တာချီလိတ် ပညာရေးဖေါင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာက ပြောသည်။

လာရောက် လျှောက်ထားသော ကလေးသူငယ်များမှာ သက်ဆိုင်ရာ ကျောင်းများ၏ အရည်အချင်းစစ် စာမေးပွဲများတွင် ထူးချွန်သူဖြစ်ပြီး၊ ရပ်ကွက် ထောက်ခံချက်နှင့် စာမေးပွဲ အမှတ်စာရင်းကဲ့သို့ မှတ်တမ်းများ လိုအပ်ကြောင်း ပညာသင်စရိတ် ရရှိသည့် ကာလတွင် စာမေးပွဲ ကျရှုံးပါက ပညာသင်စာရိတ် ထောက်ပံ့ခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် ပညာရေးဖောင်ဒေးရှင်း၏ လပါတ်အစည်းအဝေးတွင် မဇ္ဈိမလူမှုကူညီရေးအသင်း နာယက ဦးဌေးဝင်းမှ ကျပ်ငွေ(၅)သိန်း လာရောက်လှူဒါန်းပြီး ကိုမြင့်ဇော်အောင်(ရုပ်သေး)မှ ကျပ်ငွေ(၅)သောင်းထည့်ဝင် လှူဒါန်းသွားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~