တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ အတွင်း နှစ်(၃၀) မြေငှားဂရန်ကို လျှောက်ထားသူ အိမ်ထောင်စု (၃၄၉)စု အနက် အိမ်ထောင်စု (၂၅၁)စုကို စက်တင်ဘာလ၏ နောက်ဆုံးရက်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်ပွဲ အခမ်းအနားဖြင့် လက်ဝယ်အရောက် ပေးအပ်ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက မြေငှားဂရန်ပေးအပ်နှင်းသည့် ကိစ္စနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က မြေငှားဂရန်ပေးအပ်သည့် ကိစ္စနှင့် ပတ်သက်၍ အကျယ်တ၀ံ့ရှင်းလင်းပြောကြားသည်။
တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အခမ်းအနားတွင် "တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာ ကနဦး ဆောင်ရွက်ပေးသည့် အစီအစဉ်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အုပ်စု၊ ကျေးရွာအမည်စာရင်း ပါဝင်ပြီး မြေယာမှုခင်း အရှုတ်အရှင်း မရှိဘဲ သွားလာရေး လွယ်ကူ လျှင်မြန်သည့် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ တို့နှင့် ညှိနှိုင်းဆွေးနွေးပြီး မယ်ယန်းကျေးရွာ မြေငှားတွင် ထုတ်ပေးရေး လုပ်ငန်းစီမံချက်ကို ၂၀၁၅ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က ရေးဆွဲခဲ့တာဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။
မြေငှားဂရန် လျှောက်ထားသူ (၃၄၉)ဦးရှိတဲ့အနက် လမ်းနယ်နမိတ်နှင့် မလွတ်ကင်းသူ (၅၃)ဦး၊ နေအိမ်ဆောက်လုပ်ထားမှု မရှိသူ နှင့် အခြားနည်း လျှောက်ထားရန် လိုအပ်သူ (၄၅)ဦး၊ စုစုပေါင်း (၉၈)ဦးတို့အား မြေငှားဂရန် ထုတ်ပေးရေးကို ယာယီဆိုင်းငံ့ထားရှိပြီး ကျန်(၂၅၁)ဦးအား ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးတာဖြစ်ပါတယ်"ဟု ၎င်းမှ ဆက်လက် ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြားမှုပြီးသည့် နောက်တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့က မြေငှားဂရန်လျှောက်ထားသူများအား စာရွက်စာတမ်းများ ပေးအပ်သည်။
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ယန်းကျေးရွာသည် ယခင်က ဧရိယာ အကျယ်အ၀န်းမှာ (၆၄.၈၉)ဧက ရှိခဲ့ပြီး၊ ယခုအခါမှာ အိုးအိမ်များ တိုးချဲ့ဆောက်လုပ်လာမှုပေါ်အခြေခံ၍ အကျယ်အ၀န်းမှာ ကျယ်ပြန့်လာခဲ့ရာ ဧရိယာမှာ (၁၀၃.၂၅)ဧက ရှိကြောင်း သိရှိရသည်။