ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံ နယ်နိမိတ်အတွင်း ဆိုင်ကယ်များ ၀င်ရောက်ပါက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလျှင် အရေးယူနေပြီ

ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံ နယ်နိမိတ်အတွင်း ဆိုင်ကယ်များ ၀င်ရောက်ပါက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလျှင် အရေးယူနေပြီ
အောက်တိုဘာ 4, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ပြည်သူ့ဆေးရုံ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်များ ၀င်ရောက် သွားလာမှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၁)ရက်နေ့က စတင်ကာ မော်တော်ဆိုင်ကယ် စီးနင်း/မောင်းနှင်သူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများကို စတင် အရေးယူနေပြီဖြစ်ကြောင်း သိရသည်။

"ဆေးရုံထဲကို ၀င်လာတဲ့ လူတွေထဲမှာ မြန်မာဘက်က လူတွေတော်တော်များတယ်၊ ဆိုင်ကယ်ဦးထုပ် မဆောင်းရင် ဒဏ်ငွေ (၂၀၀)ဘတ် သတ်မှတ်ပါတယ်၊ ဆိုင်ကယ်ဦးထုပ် ဆောင်းသူတွေကို ဘာမှမစစ်ပေမဲ့၊ ဆိုင်ကယ်ဦးထုပ် မဆောင်းသူတွေကို ယာဉ်မောင်းလိုင်စင် ပါမပါ ဆိုတာကိုလည်း စစ်ပါတယ်၊ အခုလို ဒဏ်တပ်ခံရသူတွေထဲမှာ တာချီလိတ်ဘက်ကလာတဲ့ မြန်မာနိုင်ငံသားတွေ တော်တော်များများ ပါဝင်ပါတယ်..."ဟု မယ်ဆိုင်ဆေးရုံမှ တာဝန်ရှိသူက ပြောပြသည်။

"ဆေးရုံနယ်နိမိတ်ထဲကို ဆိုင်ကယ် မောင်းပြီး ၀င်လာပြီဆိုတာနဲ့ မောင်းတဲ့လူရော အနောက်က လူရော ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရပါတယ်၊ နောက်ပြီး ကားမောင်းသူတွေ အနေနဲ့လည်း ထိုင်ခုံ ခါးပတ် မပတ်ထားပြန်ရင်လည်း ဒဏ်တပ်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"ကိုယ့်မြန်မာနိုင်ငံသားများ အနေနဲ့ ကိုယ့်နိုင်ငံက ဥပဒေကို လေးစားလိုက်နာသလို၊ ဟိုဖက်ကို ရောက်သွားရင်လည်း ဟိုဖက်နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာနိုင်ရပါမယ်.."ဟု တာချီလိတ် မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

ယခုလို ဆေးရုံနယ်နိမိတ်ထဲသို့ ၀င်ရောက်လာသော မော်တော်ယာဉ်များအား စည်းကမ်းသတ်မှတ်ခြင်းသည် မယ်ဆိုင်ဆေးရုံ နှင့် မယ်ဆိုင်ရဲစခန်းတို့ ပူးပေါင်း ဆောင်ရွက်တာဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~