အသက် (၈၀)နှစ်အထက် အဘိုးအဘွား (၁၂၅)ဦးအား တာချီလိတ်၌ စုပေါင်းကန်တော့

အသက် (၈၀)နှစ်အထက် အဘိုးအဘွား (၁၂၅)ဦးအား တာချီလိတ်၌ စုပေါင်းကန်တော့
အောက်တိုဘာ 1, 2015
By Tachileik News Agency

ယနေ့ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပူဇော်ပွဲ အခမ်းအနားအား နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အသက်(၈၀)နှစ် အထက် သက်ကြီးရွယ်အို စုစုပေါင်း (၁၂၅)ဦးအား တန်ဖိုးငွေကျပ် (၉၇)သိန်းကျော် တန်ဖိုးရှိ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ စုပေါင်းလှူဒါန်းခဲ့ကြသည်။

တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၈၀)နှစ်အထက် အဘိုး(၅၁)ဦး နှင့် အဘွား(၇၄)ဦး စုစုပေါင်း (၁၂၅)ဦးတို့မှ စာရင်းပေးသွင်းထားရှိရာ လာရောက် ပူဇော်ခံနိုင်သည့် အဘိုးအဘွား (၇၃)ဦးသာ ရှိသော်လည်း ကျန်းမာရေး အခြေအနေကြောင့် လာရောက် ပူဇော်မခံနိုင်သည့် အဘိုးအဘွား (၅၂)ဦးအား တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ဦးဆောင်သည့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေး အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့လှူဒါန်းပေးသွားမှာဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်/မြို့နယ် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့မှ လာရောက်ကာ စုပေါင်း လှူဒါန်းခဲ့ကြသည်။

ထိုသို့ စေတနာရှင် အလှူရှင်များမှ လှူဒါန်းသွားပြီးနောက် ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အသက်(၈၅)ရှိ သုဓမ္မမဏိဇောတဓရဘွဲ့တော်ရ ဦးမောင်လေးမှ ကျေးဇူးတင်စကားပြောကြားသည်။

အဘိုးအဘွားများ ပူဇော်ကန်တော့ခံကြပြီးနောက် စေတနာရှင်များမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး တိုင်းရင်းဆေး နှင့် ကျန်းမာရေးဌာနတို့မှ ကျန်းမာရေး စစ်ဆေးပေးကာ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးကြသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သက်ကြီးရွယ်အို အဘိုးအဘွား (၅၃)ဦးရှိခဲ့ပြီး ယခုနှစ်တွင် ယခုနှစ်ထက် ကန်တော့ခံ အဘိုးအဘွား အရေအတွက် ပိုမိုများပြားခဲ့ပြီး ယခုနှစ်၌ ဌာနဆိုင်ရာများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေ သိန်း( ၉၇၆,၆၀၀)ကျပ်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net