တာချီလိတ်မြို့မှ တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေး ဆိုင်းဘုတ် ဖျက်ဆီးခံရ

တာချီလိတ်မြို့မှ တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေး ဆိုင်းဘုတ် ဖျက်ဆီးခံရ
အောက်တိုဘာ 3, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲသို့ တာချီလိတ်မြို့နယ်အတွင်း တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက် ပြိုင်ဆိုင်မည့် တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အောင်နိုင်ရေးပိုစတာ ဖျက်ဆီးခံရကြောင်း သိရသည်။

"ကျွန်မ ထောင်ထားတဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်နားမှာ တစ်ခြား နိုင်ငံရေးပါတီတွေရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်တွေလဲရှိပါတယ်၊ ဒါပေမယ့် ဖျက်ဆီးမခံရဘူး၊ ကျွန်မတစ်ယောက်တည်းဟာကို တမင် သက်သက်ဖျက်ဆီးသွားတာ.."ဟု တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ဖျက်ဆီးခံရသော အောင်နိုင်ရေး ဆိုင်းဘုတ်မှာ တာချီလိတ်မြို့အ၀င်၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး ထောင်ထားသော ဆိုင်းဘုတ်ဖြစ်ကြောင်း၊ ယခင်က မြို့တွင်းရှိ ၎င်း၏ အောင်နိုင်ရေး ဆိုင်းဘုတ်များလဲ ဖျက်ဆီးခံရကြောင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အနေနှင့် လူငယ်များ ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်း နှင့် မိမိရွေးကောက်ပွဲ အောင်နိုင်ရေးသာ အဓိကဖြစ်သဖြင့် အမှုဖွင့်လှစ်မည် မဟုတ်ကြောင်း ၎င်းမှပြောသည်။

"ဒီလို ဆိုင်းဘုတ်ဖျက်ဆီးတယ်ဆိုတာ အကျိုးဖျက်ဆီးစေမှု ပုဒ်မ-(၅၀၀)ပါ၊ ဒါ ရဲအရေးပိုင်တဲ့ အမှုမဟုတ်ပါဘူး၊ တရားရုံးကို ဦးတိုက်လျှောက်ထားမှ ရဲအနေနဲ့ စစ်ဆေးပိုင်ခွင့်ရှိတဲ့အမှုပါ.."ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းက ပြောသည်။

နောက်နောင် ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု မရှိစေရန် သက်ဆိုင်နယ်မြေများရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း၊ ယခုအချိန် ကာလတွင် နိုင်ငံအနှံ့အပြား၌ အောင်နိုင်ရေး ဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့် ကိစ္စရပ်များဖြစ်ပေါ်နေသည့် အတွက် မိမိအပိုင်နယ်မြေအတွင်း ယခုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် ကြည့်ရှုစောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၎င်းမှ ပြောကြားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~