အခြေခံ မဲဆန္ဒရှင်စာရင်း အပြည့်အစုံ မှန်ကန်မှု မရှိခြင်းသည် မီဒီယာများကြောင့် ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး မှပြောကြားသည်။
“ကျွန်တော်တို့ ကော်မရှင်က မီဒီယာတွေရဲ့ ရေးသားချက်တွေကြောင့် နစ်မွန်းနေတာပါ၊ မီဒီယာက အခြေခံ မဲဆန္ဒရှင်စာရင်း မမှန်ဘူးလို့ ပြောနေတော့ လူတွေက မဲစာရင်း လာမကြည့်ကြဘူး၊ ဒါကြောင့် လိုအပ်တဲ့ ပုံစံ(၃-က)တို့၊ ပုံစံ(၄)တို့ကို မဖြည့်တော့ဘူး ဒါကြောင့် မမှန်တာပါ..”ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ၂၀၁၅ခုနှစ် စက်တင်ဘာ(၂၉)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခုလို မဲဆန္ဒရှင်စာရင်း မမှန်ကန်တာကတော့ မီဒီယာနဲ့ မဆိုင်ပါဘူး၊ မီဒီယာက အပြစ်ပြောနေတာ မဟုတ်ပါဘူး၊ မဲစာရင်းမှားနေတာကို ပြည်သူတွေ သိရှိရန်နဲ့ မှားနေတာကို ပြင်ဆင်နိုင်ရန်အတွက် ထောက်ပြခြင်းသာဖြစ်ပါတယ်.."ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်က (၃၀%)သာ မှန်ကန်နိုင်ဟုပြောဆိုခြင်းသည် နေပြည်တော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်(၆)သိန်းကျော်တွင် (၂)သိန်းကျော်သာ လာရောက်ကြည့်ရှု၍ လိုအပ်သော ပုံစံဖြည့်သွင်းခြင်းကြောင့် ခန့်မှန်းတွက်ချက် ပြောဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဲဆန္ဒရှင်စာရင်း အပြည့်အ၀ မှန်ကန်ရန် နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့စည်းများ၊ မဲဆန္ဒရှင်များ ပူးပေါင်း ဆောင်ရွက်မှသာ ဖြစ်နိုင်ကြောင်း ယခု မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်သော အလေ့အထ မရှိဘဲ အပြစ်ပြောဆိုနေခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကိစ္စတွင် ထိခိုက်လာနိုင်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။