စက်တင်ဘာ (၁၄)တွင် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ရေး တာချီလိတ်၌ ဆွေးနွေး

စက်တင်ဘာ (၁၄)တွင် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ရေး တာချီလိတ်၌ ဆွေးနွေး
စက်တင်ဘာ 11, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲထည့်နိုင်မည့် တာချီလိတ်မြို့နယ်၏ အခြေခံမဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်ထုတ်ပြန် ကြေညာသွားမည့် ကိစ္စနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ နိုင်ငံရေးပါတီများ နှင့် ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ခေါ်ယူတွေ့ဆုံ  ဆွေးနွေးကာ အသိပေးပြောကြားသည်။

စက်တင်ဘာလ(၁၄)ရက်နေ့မှ စက်တင်ဘာလ(၂၇)ရက်နေ့အထိ (၁၄)ရက်အကြာ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးများတွင် အသိပေး ကပ်ထားကြေညာသွားမှာဖြစ်ပြီး၊ အမည်စာရင်း မပါသေးသူများ၊ အမည်မှားယွင်းနေမှုများ စသည့် များကို သတ်မှတ်ရက်အတွင်း ဖြည့်စွက် ပြင်ဆင်နိုင်မှာ ဖြစ်ကြောင်းနှင့် ပုံစံ(၃) နှင့် ပတ်သက်၍ စက်တင်ဘာလ(၁၄)ရက်နေ့မှ အောက်တိုဘာလ(၁၀)ရက်နေ့အထိ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထိန်မင်းက အဆိုပါ ဆွေးနွေးပွဲတွင် အသိပေးပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအားလယ်က မဲဆွယ်စည်းရုံးရေးဆင်းသည့်အခါ အာခါတိုင်းရင်းသားဘာသာစကားဖြင့် ဂီတဖျော်ဖြေမှုများ ထည့်သွင်းမည့် ကိစ္စနှင့် စပ်လျဉ်း၍ တင်ပြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ယင်းကဲ့သို့ ဂီတထည့်သွင်းမှုသည့် မီဒီယာအခန်းကဏ္ဍနှင့် ပတ်သက်ပြီဖြစ်သည့်အတွက် သီချင်းစာသားနှင့် အသံအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြပြီးမှသာ ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ကြောင်း ရှင်းပြည်။

တာချီလိတ်မြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စိုးဥမ္မာက မဲဆွယ် စည်းရုံးရေးကိစ္စရပ်များ၊ လက်ကမ်းစာရွက်ဖြန့်ဝေမှု ကိစ္စရပ်များ၊ ပြည်ပနေသူများ မဲပေးနိုင်မှု အခြေအနေများအပြင် မဲရုံနှင့် ကိုက် (၅၀၀)အတွင်းနှင့် နီးစပ်သည့် ၎င်း၏ ရုံးတည်ရှိရာ တည်နေရာ စသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးသွားသည်။

၎င်း၏ ဆွေးနွေးမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် (၁/၂၀၁၄) ကြေညာချက်တွင် သတ်မှတ်သည့်နေရာတွင် စုဝေးဟောပြောခြင်း ပြုလုပ်လိုသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်နှင့်တကွ ကော်မရှင်အဖွဲ့ခွဲထံသို့ စုဝေးဟောပြောခွင့် လျှောက်ထားရမှာဖြစ်ကြောင်း၊ လက်ကမ်းစာရွက်တွင် ရေးသွင်းထားသည့် အချက်အလက်များသည် ရေးသားသူ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်သာ သက်ဆိုင်မှာဖြစ်ကြောင်း နှင့် သတင်းမီဒီယာများ အနေဖြင့် ရုပ်သံတင်ဆက်မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြပြီးမှသာ ထုတ်လွှင့်ခွင့်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

လာမည့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ရပ်ကျေးကော်မရှင်ရုံးခွဲများ၌ ကပ်ထားရှိမည့် မဲဆန္ဒရှင်စာရင်းများသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ အမည်မပါသေးသူများ၊ အမည်နှင့် မှတ်ပုံတင်မှားယွင်းနေမှုများ၊ ရပ်ကွက်ပြောင်းရွှေ့ကာ မဲထည့်လိုမှုများ စသည်တို့အတွက် ပြင်ဆင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~