ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြသော တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက်၍ စိစစ်ကာ ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၀)ရက် နံနက်(၁၀)နာရီ (၃၅)မိနစ်အချိန်က မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား အလယ်တွင် မြန်မာနိုင်ငံသား (၂၁)ဦးအား တရားဝင် လာရောက်ကာ ထိုင်းဘက်မှ လွှဲပြောင်းရာ မြန်မာဘက် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြသည်။
ထိုသို့ လွှဲပြောင်းရာတွင် ရခိုင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရှမ်းပြည်နယ်အတွင်းဖြစ်သည့် အရှေ့ပိုင်းမှ အမျိုးသား(၆)ဦး၊ တောင်ပိုင်းမှ အမျိုးသား (၁)ဦး၊ နှင့် မြောက်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၆)ဦး နှင့် အမျိုးသမီး (၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း အမျိုးသား(၁၆)ဦး နှင့် အမျိုးသမီး(၅)ဦး ပါဝင်ရာ စုစုပေါင်းမှ (၂၁)ဦး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် ယနေ့ စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး ပါဝင်ရာ စက်တင်ဘာလအတွင်း (၈၃)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။