တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ရန်ပုံငွေတိုးပွားရေး နှင့် ၂၀၁၆ ပြက္ခဒိန်ထုတ်လုပ်ရေး ဆွေးနွေး

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ရန်ပုံငွေတိုးပွားရေး နှင့် ၂၀၁၆ ပြက္ခဒိန်ထုတ်လုပ်ရေး ဆွေးနွေး
စက်တင်ဘာ 6, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် သင်ယူရန် ခက်ခဲသော ထူးချွန်ထက်မြက်သည့် ကလေးများအား ထောက်ပံ့နိုင်ရန် ဖွဲ့စည်းထားရှိသည့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ရန်ပုံငွေ ကျပ်သိန်း(၁၀၀)တိတိ ပြည့်သွားပြီဖြစ်သည့်အတွက် ရန်ပုံငွေတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာလ(၆)ရက် ညနေ(၅)နာရီအချိန်က တာချီလိတ်မြို့ရှိ သတ္တုလုပ်ငန်းရှင်များအသင်းရုံးတွင် ဆွေးနွေးပွဲပြုလုပ်ရာ တက်ရောက်သူများ၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက် (၂)ခု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်း၏ ငွေများအား ဘဏ်တွင် အတိုးရရှိရန် ထားရှိရေးနှင့် ဖောင်ဒေးရှင်းရန်ပုံငွေ ရှာဖွေရေး တစ်ရပ်အနေဖြင့် ၂၀၁၆ခုနှစ်အတွက် ပြက္ခဒိန်ထုတ်ကာ ရောင်းချနိုင်ရေးကို အစည်းအဝေးမှတ်တမ်းဖြင့် ဆုံးဖြတ်ချက် ချကာ သတ်မှတ်လိုက်တာဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဖောင်ဒေးရှင်း၏ ကျပ်သိန်း(၁၀၀)အား တိုးပွားလာရေးအတွက် အထူးအလေးထားကာ ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၆ခုနှစ်အတွက် ပြက္ခဒိန်ထုတ်လုပ်နိုင်ရေးကို ဆက်လက်ဆွေးနွေးရာ အဆိုပါ ပြက္ခဒိန်အတွက် သတ်မှတ် စာမျက်နှာများတွင် စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို ထည့်သွင်းစေကာ ကြော်ငြာအဖြစ် ထည့်သွင်းပြီး ထုတ်လုပ်မှာဖြစ်သည့် အပြင် ဈေးနှုန်းများကိုလည်း ရန်ပုံငွေအဖြစ် နောက်ပိုင်းမှ သတ်မှတ်သွားမှာဖြစ်ပြီး လတ်တလောတွင် အဆိုပါ ပြက္ခဒိန် ထုတ်လုပ်နိုင်ရေးအတွက် ဆပ်ကော်မတီတစ်ရပ်အား ဖွဲ့စည်းခဲ့ကြသည်။

ယခုအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၂)ခု ချမှတ်ခဲ့သည့်နည်းတူ ပြီးခဲ့သည့် သြဂုတ်လ(၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် မူလတန်းမှ အလယ်တန်းအထိကို တစ်နှစ်လျှင် (၃)ကြိမ်၊ တစ်ကြိမ်လျှင် ကျပ်(၅၀,၀၀၀)ထောက်ပံ့ပေးရန်၊ အထက်တန်းကို တစ်နှစ်လျှင် (၃)ကြိမ်၊ တစ်ကြိမ်လျှင် ကျပ်(၇၀,၀၀၀)ထောက်ပံ့ပေးရန်နှင့် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် လစဉ်အနည်းဆုံး ကျပ်(၅၀,၀၀၀)ထောက်ပံ့ပေးရန်အပြင် ကျိုင်းတုံရှိ နည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားလျှက်ရှိနေသော မောင်လောတအား လစဉ် ကျပ်(၆၀,၀၀၀)ထောက်ပံ့ပေးရန် ချမှတ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း၏ အစည်းအဝေးတွင် နာယကအဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဦးထိန်မင်း၊ ဥက္ကဌ ဦးတင်နွယ်နှင့် အဖွဲ့ဝင်များ အပါအ၀င်၊ တက်ရောက် လေ့လာသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား မည်သူမဆို မိမိတို့ တတ်နိုင်သည့်ဘက်မှ ထည့်ဝင်လှူဒါန်းလိုပါက တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်ဘေးတွင် ဖွင့်လှစ်ထားရှိသည့် သတ္တုလုပ်ငန်းရှင်များအသင်းရုံးတွင် လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~