တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးအား ဖြန့်ဖြူးပေးမှုနှင့် ပတ်သက်၍ အပိုင်း(၂)ပိုင်းခွဲကာ တာဝန်ခွဲဝေပြီး ပြည်သူဝန်ဆောင်မှု ပေးနေလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်များ အနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံးတို့အား ဆက်သွယ်နိုင်ရန်အတွက် မီးလင်းရေးရုံး (၂)ရုံးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များ ပိုင်းခြားထားကြောင်း သိရသည်။
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံစေတီ အဆင်းလမ်း၌ ဖွင့်လှစ်ထားရှိသည့် မီးလင်းရေးရုံး(အပိုင်း-၁)သည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့ နှင့် သက်ဆိုင်ပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများမှ လျှပ်စစ်မီးနှင့် ပတ်သက်၍ တာဝန်ယူ ၀န်ဆောင်မှုပေးနေလျက်ရှိကြောင်း သိရသည်။
"တစ်ချို့ကလည်း မီးလင်းရေးနဲ့ ပတ်သက်လာရင် နှစ်ရုံးလုံးက အတူတူပဲလို့ ထင်နေကြတော့၊ အခက်အခဲလေးတွေ နည်းနည်းရှိကြတာပေါ့၊ တစ်ခါတစ်လေ ရုံးမှားပြီး လာတိုင်ကြတာတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ မီးလင်းရေးရုံး နဲ့ မီးလင်းရေးရုံးခွဲ ဆိုပြီး နှစ်ပိုင်း ပိုင်းပြီး ၀န်ဆောင်မှု ပေးနေတာပါ၊ သက်ဆိုင်ရာ ရပ်ကွက်များ အနေနဲ့လည်း သက်ဆိုင်တဲ့ မီးလင်းရေးရုံးမှာ လာရောက်ပြီး လုပ်ငန်းကိစ္စတွေကို ဆောင်ရွက်နိုင်ပါတယ်.."ဟု မီးလင်းရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့၊ ပုံလို့လမ်းရှိ မီးစက်ဝင်းအတွင်း ဖွင့်လှစ်ထားရှိသည့် မီးလင်းရေးရုံး(အပိုင်း-၂)သည် ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲမှ အကွက်(၇) ၀မ်မိုင်ရွာ၊ လွယ်စတုံ၊ ပုံလို့၊ ရန်အောင်မြေ(၁၊၂၊၃)ရပ်ကွက်၊ လွမ်းကျိုင်း၊ အာခါဈေး၊ တော်ကော့တွင်း နှင့် တော်ကော့ပြင်၊ ပါဆတ်၊ ဟောင်လိတ်(ဆေခမ်း)ရပ်ကွက်၊ ဆွမ်ဆိုင်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုမှ ဟွေလေလှန်ရွာ၊ ၀မ်ဆောက်ခုံရွာ နှင့် သက်ဆိုင်သည့်အတွက် အဆိုပါ ရပ်ကွက်/ကျေးရွာများမှ လျှပ်စစ်မီးနှင့် ပတ်သက်၍ တာဝန်ယူကာ ၀န်ဆောင်မှုပေးနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ထိုင်းနိုင်ငံမှ တဆင့် ရယူကာ ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးများဖြစ်ပြီး တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်မီး မ၀ယ်ရသေးသူများ အနေဖြင့် လွယ်ကူစွာ ၀ယ်ယူရရှိရေးအတွက် သက်ဆိုင်ရာ မီးလင်းရေးရုံးတို့တွင် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။