ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် တရားဝင် တည်ထောင်ထားရှိသည့် "စံလင်းဖြိုးကုမ္ပဏီ"မှ ဟောင်လိတ်ကျေးရွာအုပ်စု (ယခု ၀မ်လုံးကျေးရွာအုပ်စု)ရှိ ကွင်းပြင်ဧက (၄၈ ဒသမ ၀၀)ဧကနှင့် ပတ်သက်၍ အများသိရှိစေရန် အတွက် အသိပေးကြေညာထားရှိရာ အဆိုပါ ကြေညာမှုအား ၂၀၁၅ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ (၂၅)တွင် ဖော်ပြထားရှိသည်။
သတင်းစာ၏ ဖော်ပြချက်တွင် "စံလင်းဖြိုးကုမ္ပဏီ"သည် တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ကွင်းပြင်ဧက (၄၈ ဒသမ ၀၀ )ဧကအား လူနေအိမ်ရာမြေအဖြစ် နိုင်ငံတော်မှ အသုံးချခွင့်ပြုခဲ့ပါသည်။ အဆိုပါ မြေနေရာတွင် ယခုအခါ မြို့မြေအဖြစ် လူနေအိမ်ရာ မြေကွက်များကို သက်ဆိုင်ရာ ဌာန အသီးသီး၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခဲ့ရာ မြို့မြေကွက် ဖော်ထုတ်ရေး လုပ်ငန်းများမှာ ပြီးစီးလုနီးပါး ရှိပြီဖြစ်ပါသည်။ စံလင်းဖြိုးကုမ္ပဏီသည် တရားဝင် တည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်ထိ မည်သည့် အရှုပ်အရှင်း တစ်စုံတစ်ရာမျှ မရှိဘဲ မိမိ၏ လုပ်ငန်းကို သတ်မှတ် စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် လုပ်ကိုင်လျက်ရှိပါသည်"ဟု ရေးသား ပါရှိသည်။
ထိခိုက်နစ်နာမှုကိစ္စရပ်များနှင့် ပတ်သက်၍လည်း "စံလင်းဖြိုးကုမ္ပဏီ၏ တရားဝင် လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများကို တချို့သော လူပုဂ္ဂိုလ်များသည် ဌာနဆိုင်ရာ အသီးသီးသို့ မဟုတ်မမှန် တိုင်စာ ပစ်စာများ ပေးပို့ နှောင့်ယှက်လျက်ရှိကြောင်း ကြားသိရသည့်အပြင် အထောက်အထား တချို့ကိုလည်း စံလင်းဖြိုးကုမ္ပဏီမှ ရရှိထားပါသည်။ သို့ဖြစ်ပါ၍ ယခု အများသိစေရန် ကြော်ငြာသည့် ရက်မှစ၍ စံလင်းဖြိုး ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများကို ဖျက်လိုပျက်စီးစေရန် အကြံဖြင့် လည်းကောင်း၊ ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းညှိုးနွမ်း သေးသိမ်စေသည့် အပြုအမှုများကိုသော် လည်းကောင်း၊ ဆောင်ရွက်သူ မှန်သမျှအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ရေးသား ဖော်ပြထားရှိသည်။
စံလင်းဖြိုးကုမ္ပဏီ၏ "စံလင်းဖြိုးသတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီလီမိတက်"အား ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (၂၃၄၇/၂၀၁၀-၂၀၁၁)အရ တရားဝင် တည်ထောင်ထားရှိကြောင်းလည်း သိရှိရသည်။